The network connection is lost.

Banner Image

ဘရူနိုဖာနန်ဒက်စ်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ အရိပ်အမြွက်ပြောပြလာတဲ့ ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်

ဒီည၊ ဧည့်သည်အဖြစ် ရောက်ရှိလာမယ့် မန်ချက်စတာယူနိုက်တက်ကို ဧည့်ခံယှဉ်ပြိုင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်က ပြောပါတယ်။

ဝက်စ်ဟမ်းက ပြီးခဲ့တဲ့စနေနေ့မှာ ဘန်လေကို အနိုင်ယူပြီးနောက် အိမ်ကွင်းမှာ သရဲနီတွေကို လက်ခံကစားရပါလိမ့်မယ်။

ဒီပွဲစဉ်မတိုင်ခင် နူနိုဆန်းတို့စ်က "ကျွန်တော့်အမြင်အရ သူတို့က အခုတလော ခြေစွမ်းတက်နေသလို အတော်လေးကောင်းအောင် ကစားနေကြပါတယ်။ ကစားသမားတွေမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြတာကို မြင်တွေ့ရပြီး အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတာကြောင့် ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

"နောက်ဆုံးတစ်ခေါက် သူတို့နဲ့ကစားခဲ့တဲ့ပွဲစဉ်နဲ့ လုံးဝကိုကွဲပြားခြားနားပါလိမ့်မယ်။ ဒါက ပွဲစဉ်အသစ်ဖြစ်သလို အပြောင်းအလဲတွေလည်း ရှိလာပါလိမ့်မယ်။ အခုဆိုရင် ယူနိုက်တက်က အပြောင်းအလဲတွေ ရှိလာပြီဆိုတာကို ပြသနေပြီး အခုလက်ရှိမှာ တကယ်ကို အကောင်းဆုံးကစားနေပါတယ်"

"သူတို့ ဘယ်လိုကစားသလဲဆိုတာကို ကျွန်တော်တို့ အများကြီးလေ့လာထားပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ ကျွန်တော်တို့ အထူးသတိထားရမယ့်သူပါ။ သူက အလွန်ထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ကျွန်တော် တော်တော်လေးအထင်ကြီးမိပါတယ်"

"ပရိသတ်တွေကလည်း တကယ်ကို အံ့ဩစရာကောင်းပါတယ်။ သူတို့တွေက အသင်းအပေါ် အလွန်အားပေးကြသလို ဘန်လေကွင်းမှာလည်း တကယ်ကောင်းမွန်ခဲ့ကြတယ်။ မနက်ဖြန်ပွဲမှာလည်း ဒီလို စွမ်းအင်မျိုးတွေ ထပ်လိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အားပေးမှုတွေကို ကျွန်တော်တို့ လိုအပ်နေလို့ပါ။"

"ဒါက ကျွန်တော်တို့အပေါ်မှာပဲ မူတည်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ဘက်က ပရိသတ်တွေကို တစ်ခုခုပေးနိုင်တဲ့အချိန်မှာ သူတို့ရဲ့အားပေးမှုတွေလည်း ပြန်ရလာပါလိမ့်မယ်။"

"အရမ်းကောင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်၊ ကဲ... စလိုက်ကြစို့" လို့ ၎င်းက ဆိုပါတယ်။