မကြာသေးမီက ဂိုးပေါက်ပျောက်ဆုံးမှုအတွက် ဆင်ခြေပေးစရာမရှိကြောင်း ဝန်ခံပြောကြားလာတဲ့ ဟာလန်း
အာလင်းဟာလန်းက သူ့လို ကစားသမားမျိုး ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာဟာ ဆင်ခြေပေးစရာ မရှိဘူးလို့ ယုံကြည်နေပြီး ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အရင်ထက် ပိုကောင်းအောင် ကြိုးစားဖို့ပဲ လိုတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးလ်မှာ မန်စီးတီးက လီဗာပူးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၃ ဂိုးမြောက်သာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သွင်းခဲ့တဲ့ နောက်ဆုံး ၂ ဂိုးစလုံးကလည်း ပင်နယ်တီတွေ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီ မန်စီးတီးအတွက် ပထမဆုံး ၂၃ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ဂိုးသွင်းဖို့ သိသိသာသာ ရုန်းကန်နေရတာပါ။
သူဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဒီရာသီမှာ ပွဲပေါင်း ၄၁ ပွဲအထိ ကစားပေးထားရပြီး ပွဲပန်းနေနိုင်ပေမဲ့ ဒါကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုခဲ့ပါဘူး။
"ဒီနှစ်အစပိုင်းကတည်းက ကျွန်တော် ဂိုးတွေ အလုံအလောက် မသွင်းနိုင်ခဲ့ပါဘူး၊ ပိုကောင်းအောင် လုပ်ဖို့ လိုတယ်ဆိုတာကိုလည်း သိပါတယ်။ ပိုပြီး ထက်မြက်လာဖို့၊ ကဏ္ဍစုံမှာ ပိုကောင်းလာဖို့ လိုနေပြီး ဒါဟာ ကျွန်တော် ကြိုးစားရမယ့် အရာပါ။ လူတိုင်းက ကျွန်တော့်ဆီကနေ ဒါကို မျှော်လင့်နေကြသလို သူတို့နဲ့ ထိုက်တန်အောင်လည်း ကျွန်တော် ဆက်ကြိုးစားသွားရမှာပါ" လို့ ဟာလန်းက ဆိုပါတယ်။
"ဘာကြောင့် ခြေစွမ်းမပြနိုင်တာလဲဆိုတဲ့ အကြောင်းရင်းတွေကို ကျွန်တော် မပြောချင်ပါဘူး။ ဘာဆင်ခြေမှ မရှိဘူးလို့ ထင်ပါတယ်။ ပင်ပန်းနွမ်းနယ်တယ်ဆိုတာက စိတ်မှာပဲ ရှိတာပါ။ ပွဲတွေ အများကြီး ကစားရတာ ဟုတ်ပါတယ်။ ပွဲစဉ်ဇယားကို ကြည့်ရင်လည်း မလွယ်ဘူးဆိုတာ သိနိုင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ကြံ့ခိုင်မှုရှိနေဖို့နဲ့ ဒဏ်ရာမရဖို့က အရေးကြီးဆုံးပါ။ ပြီးတော့ အသင်းကို ကူညီနိုင်ဖို့ အမြဲအသင့်ဖြစ်နေအောင် ကြိုးစားနေပါတယ်" လို့ သူက ဆက်ပြောပါတယ်။
အန်ဖီးလ်မှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ဂိုးဟာ မန်စီးတီးအတွက် ပထမဆုံးဂိုးဖြစ်သလို ၂၀၀၃ ခုနှစ်နောက်ပိုင်း လီဗာပူးကွင်းမှာ မန်စီးတီးရဲ့ ဒုတိယမြောက် အဝေးကွင်းနိုင်ပွဲလည်း ဖြစ်တာကြောင့် ဟာလန်းအတွက်တော့ ရှားရှားပါးပါး အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
"အရင်က ဒီကွင်းမှာ တစ်ခါမှ မနိုင်ဖူးသေးပါဘူး။ ဒါကြောင့် ဒီကိုလာပြီး ပထမဆုံးအကြိမ် အနိုင်ရခဲ့တာဟာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန်စီးတီးနဲ့ လီဗာပူးတို့ကြားက ပြိုင်ဆိုင်မှုသမိုင်းကြောင်းတွေကြောင့် ဒီမှာနိုင်ဖို့က မလွယ်ပါဘူး။ နောက်ခံသမိုင်းကြောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့် တကယ်ကို ခံစားချက် ကောင်းပါတယ်။ ပွဲအပြီးမှာ ပရိသတ်တွေရဲ့ ခံစားချက်တွေကို ကြည့်လိုက်ပါဦး၊ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်" လို့ သူက ထပ်ပြောပါတယ်။
မန်စီးတီးရဲ့ ဒီနိုင်ပွဲဟာ ဇယားထိပ်က အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို ၆ မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာလန်းကတော့ ဒါဟာ အာတီတာရဲ့ အသင်းကို သတိပေးချက်ပေးလိုက်တာမျိုး မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ "မဟုတ်ပါဘူး၊ အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ပရိသတ်တွေအတွက်တော့ ကောင်းမွန်တဲ့ သက်သေပြချက်တစ်ခုပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။