ကင်တေးကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ စောင့်ကြည့်နေ
ထရွန်ဆိုအသင်းခံစစ်မှူးဆီဒီကင်တေးကို မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က စောင့်ကြည့်နေကြပါတယ်။ ပရီးမီးယားလိဂ်အသင်းကြီးနှစ်ခုစလုံးက ကင်တေးကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ့် ပစ်မှတ်ကစားသမားအဖြစ် ရှုမြင်ထားတယ်လို့ Daily Mail သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ဂမ်ဘီယာလက်ရွေးစင်ကစားသမားက ဘယ်ခြေအားပြု ဗဟိုခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီ၊ နော်ဝေထိပ်တန်းလိဂ်မှာ ခြေစွမ်းပြတောက်ပနေသူလည်း ဖြစ်ပါတယ်။ ကင်တေးဟာ နော်ဝေကလပ်ထရွန်ဆိုရဲ့မိတ်ဖက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံ၊ Mawade Wade အကယ်ဒမီမှပေါ်ထွက်လာတဲ့ ဘောလုံးကြယ်ပွင့်ဖြစ်ပါတယ်။
ဒီလူငယ်ကစားသမားကို ဆွစ်ဇာလန်ကလပ်တွေဖြစ်တဲ့ ဘေလ်ဆယ်နဲ့ ယန်းဘွိုင်းစ်တို့ကလည်း အလိုရှိနေကြပြီး ဆွစ်ဇာလန်အပြောင်းအရွှေ့ဈေးကွက်ကို ဖေဖော်ဝါရီ ၁၆ ရက်အထိ ဖွင့်လှစ်ထားပါတယ်။ လက်ရှိမှာတော့ ထရွန်ဆိုအသင်းက ကင်တေးရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၄ သန်းဝန်းကျင် သတ်မှတ်ထားပါတယ်။