တိုက်စစ်အားဖြည့်ဖို့ ပေါ်တိုကြယ်ပွင့်အာဂီဟိုဝါကို ချယ်လ်ဆီးတို့ တစ်ကျော့ပြန်ပစ်မှတ်ထားလာ
ချဲလ်ဆီးက ပေါ်တိုတိုက်စစ်မှူးအာဂီဟိုဝါကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ပြန်လည်မြင့်တက်လာတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်စပိန်တိုက်စစ်မှူးက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့ကလပ်ဟောင်း အက်သလက်တီကိုမက်ဒရစ်မှ ပရီးမီးယားလိဂ်ကလပ်ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဖူးပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အာဂီဟိုဝါက ပေါ်တိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၇၆ ပွဲကစား၊ ၄၇ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် ခြေစွမ်းပြနေပါတယ်။
TEAMtalkရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စပိန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်စစ်မှူးဒီလပ်ရဲ့စွမ်းဆောင်ရည်ပိုင်း စိတ်ပျက်စရာဖြစ်နေလို့ နည်းပြရိုစီနီယာက တိုက်စစ်ပိုင်းမှာ အားကိုးရမယ့်တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူပေးဖို့ အသင်းဆီ တိုက်တွန်းနေပါတယ်။
အာဂီဟိုဝါကိုခေါ်ယူဖို့အတွက် ချယ်လ်ဆီးအပြင် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်တွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ကလည်း ရေရှည်ပစ်မှတ်အဖြစ် အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။