ရိုမဲရိုးကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်အတည်ပြုပေးခဲ့တဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်အသင်းအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ရိုမဲရိုးရဲ့ကပ္ပတိန်လက်ပတ်ကို ပြန်သိမ်းဖို့ လုံးဝအစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ရိုမဲရိုးက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းရဲ့လုပ်ဆောင်ချက်တွေအပေါ် အားမရလို့ အသင်းဘုတ်အဖွဲ့ကို လူသိရှင်ကြားဝေဖန်ခဲ့သလို မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အာဂျင်တီးနားခံစစ်မှူးက မတ် ၁၅ ရက်အထိ ပြည်တွင်းပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။
အင်္ဂါနေ့၊ နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်ခင် ဖရန့်ခ်က "ကျွန်တော့်အတွက်တော့ သူက ခေါင်းဆောင်တစ်ဦးပါ။ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သလို နေ့တိုင်းလည်း သင်ယူနေပါတယ်။ ကျွန်တော်ရဲ့ အသက် ၃၀ နှစ်အရွယ်နဲ့ နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အရာအားလုံးကို သိနားလည်နေပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ခေါင်းဆောင်မှုပိုင်းနဲ့ အခြေအနေတွေကို နားလည်နိုင်စွမ်းက အခုအချိန်နဲ့ယှဉ်ရင် အဝေးကြီးပါပဲ။ နောက်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ပွဲအပေါ် အာရုံစိုက်ကစားတတ်တဲ့ ကစားသမားတစ်ဦးဆီမှာ အခုလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါကို သူကိုယ်တိုင် သင်ခန်းစာမယူသင့်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ရှေ့ဆက်သွားမယ့်ခရီးမှာ သေချာပေါက်သင်ယူသွားဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။