The network connection is lost.

Banner Image

ရိုမဲရိုးကို ရောင်းထုတ်ပစ်ဖို့ တော့တင်ဟမ်အသင်းဆီ မာတင်ကီယွန် တိုက်တွန်း

အာဆင်နယ်ဂန္ထဝင်မာတင်ကီယွန်က တော့တင်ဟမ်အသင်းအနေနဲ့ အသင်းခေါင်းဆောင်ရိုမဲရိုးအပေါ် ပြတ်ပြတ်သားသားအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားမှုအပေါ် အားမလိုအားမရဖြစ်နေတဲ့ ရိုမဲရိုးက အသင်းဘုတ်အဖွဲ့ကို လူသိရှင်ကြားဝေဖန်ပြစ်တင်ခဲ့သလို ယူနိုက်တက်နဲ့ပွဲစဉ်မှာလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဒီအာဂျင်တီးနားနောက်ခံလူကို မတ် ၁၅ ရက်အထိ ပြည်တွင်းပွဲစဉ်တွေမှာ မြင်တွေ့ရဖို့ မရှိပါဘူး။

talkSPORT နဲ့တွေ့ဆုံချိန် ကီယွန်က "လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်တို့ ဒီနေရာမှာပဲ အူဘာမီယန်းအကြောင်း ငြင်းခုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ကစားသမားကို အသင်းမှာ ဆက်ထားသင့်တယ်လို့ ထင်ခဲ့တဲ့အတွက် ကျွန်တော် သူ့ဘက်ကနေ ကာကွယ်ပေးခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ဒုက္ခရောက်မှာစိုးလို့ (အသင်းအင်အား လျော့နည်းသွားမှာစိုးလို့) တစ်ခုခုကို လက်လွှတ်လိုက်ရသလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုရိုမဲရိုးရဲ့အခြေအနေကလည်း ဒီလိုခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ အသင်းရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပစ်ချင်တယ်ဆိုရင်၊ ပြီးတော့ အဲဒီအသင်းရဲ့ ယဉ်ကျေးမှုမှာလည်း ကြီးမားတဲ့ ပြဿနာရှိနေပြီဆိုရင်တော့ 'သိလား... သူ ငါတို့အသင်းအတွက် နောက်ထပ် ကစားပေးစရာ မလိုတော့ဘူး၊ ငါတို့ အပြောင်းအလဲတစ်ခု လုပ်တော့မယ်' လို့ ပြတ်ပြတ်သားသား ပြောရမယ့် အချိန်ဖြစ်နိုင်ပါတယ်။"

"သူက တန်ဖိုးရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို သူ့ကို လက်လွှတ်လိုက်တာကလည်း စွန့်စားမှုတစ်ခုဖြစ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါဟာ ဦးတည်ချက်နဲ့ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ပါပဲ။ ဘာလို့လဲဆိုတော့ အပြင်ကနေကြည့်ရင်တောင် အခုလို မြင်နေရတယ်ဆိုရင် အသင်းအတွင်းပိုင်းမှာတော့ ဒါထက် ပိုဆိုးနေနိုင်လို့ပါ။ အသင်းအတွင်းပိုင်းမှာ အသင်းဖော်တွေအပေါ် သူ့ရဲ့ အမူအကျင့်တွေက နောက်မျိုးဆက်သစ်တွေအတွက် မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဒီကစားသမားနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါလိမ့်မယ်။ ကစားသမားကိုယ်တိုင်လည်း သူ့ဘ၀အတွက် လမ်းဆုံလမ်းခွဆီ ရောက်နေပါပြီ" လို့ ကီယွန်က ဆိုပါတယ်။

ဆက်လက်ပြီး အာဆင်နယ်နောက်ခံလူဟောင်းက "ကျွန်တော့်အမြင်မှာတော့ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ဒါပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အကျင့်တစ်ခုခုကြောင့်ပဲ သူဟာ ကွင်းထဲမှ မကြာခဏဆိုသလို ထွက်သွားရပါတယ်။ ဒါမျိုး ဆက်ဖြစ်နေလို့ မရပါဘူး။ သူကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ ရာသီကုန်မှာ အသင်းမှ သူ ထွက်ခွာသွားရပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။