မာမွတ်ရှ်ရဲ့ အစောပိုင်းသွင်းဂိုးတွေက ပွဲကိုအဆုံးအဖြတ်ပေးသွားတာဖြစ်ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီ ဝန်ခံ
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ရဲ့ အစောပိုင်း သွင်းဂိုးနှစ်ဂိုးက ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားတာဖြစ်တယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ဝန်ခံပြောကြားလိုက်ပါတယ်။
အဆိုပါပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက နယူးကာဆယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက "ဒါဟာ ကျွန်တော်တို့ မလိုချင်ဆုံး အစပျိုးမှုမျိုးပါပဲ။ ပထမဂိုးမှာ ဒန်ဘန်းက ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြိုင်ဘက်တိုက်စစ်မှူးနဲ့ ထိမှန်ပြီး ဂိုးထဲဝင်သွားခဲ့တာပါ" လို့ ဆိုပါတယ်။
အဆိုပါအခြေအနေဟာ သူတို့မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်ခဲ့ရသလို ပွဲအစပိုင်းမှာတင် အမှားအယွင်းတွေ ရှိခဲ့တာကြောင့် ပွဲကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လက်လွှတ်လိုက်ရသလို ဖြစ်ခဲ့တာလို့လည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အသင်းရဲ့ ဂိုးသွင်းယူနိုင်စွမ်းနဲ့ ပတ်သက်ပြီးတော့လည်း အက်ဒီဟောင်းက စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ နှစ်ကျော့စလုံးကို ပြန်ကြည့်မယ်ဆိုရင် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ နှစ်ပွဲပေါင်းမှ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာကို အားမလိုအားမရ ဖြစ်မိတာလို့ သိရပါတယ်။
"ပထမအကျော့မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဟာ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေအရဆိုရင် မဖြစ်သင့်တဲ့ ရလဒ်မျိုးပါ။ လက်တွေ့အခြေအနေကို ကျွန်တော်တို့ လက်ခံရမှာဖြစ်ပေမဲ့ ပွဲကို အမီလိုက်ဖို့ ကြိုးစားခဲ့ရတာကတော့ ကျွန်တော်တို့ နောက်ဆုံးမှ လုပ်ချင်တဲ့ အရာပါပဲ။ ကျွန်တော်တို့ တိုက်စစ်ဆင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ပွဲအတွင်း ဒဏ်ရာရရှိသွားတဲ့ အန်သိုနီ ဂေါ်ဒွန်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အက်ဒီဟောင်းက အပြုသဘောဆောင်တဲ့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂေါ်ဒွန်ရဲ့ ဒဏ်ရာဟာ တံကောက်ကြောဒဏ်ရာဖြစ်ပုံရပြီး အခြေအနေကတော့ သိပ်ပြီး မဆိုးရွားနိုင်ဘူးလို့ ယူဆရကြောင်း အက်ဒီဟိုဝီက အသိပေး ပြောကြားသွားခဲ့ပါတယ်။