မန်စီးတီးကို ကာရာဘောင်ဖလား ဗိုလ်လုပွဲသို့ပို့ဆောင်ပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ မာမွတ်ရှ်
နယူးကာဆယ်အသင်းကို ၃ ဂိုး ၁ ဂိုး (နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုး) ရလဒ်နဲ့ အပြတ်အသတ်အနိုင်ယူပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်သွင်းဂိုး နှစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကတော့ သူ့ရဲ့ ပျော်ရွှင်မှုကို အားရပါးရ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အီတီဟတ်ကွင်းအတွင်း ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ မာမွတ်ရှ်ရဲ့ ပထမဦးဆောင်ဂိုးဟာ ကံကောင်းမှု အနည်းငယ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒန်ဘန်းရဲ့ လျှောတိုက်ဖျက်ထုတ်ပုံကတစ်ဆင့် ဘောလုံးဟာ မာမွတ်ရှ်ရဲ့ ခြေထောက်နဲ့ ထိမှန်ပြီး ဂိုးထဲကို ဝိုက်ထွက်ကာ ဝင်ရောက်သွားခဲ့တာပါ။
မာမွတ်ရှ်ရဲ့ ဒုတိယဂိုးကတော့ နေရာယူမှု အလွန်ကောင်းမွန်ခဲ့တာဖြစ်ပြီး ကီရန် ထရစ်ပီယာရဲ့ ဂိုးရှေ့ရှင်းထုတ်မှု လွဲချော်ရာကနေ ရရှိလာတဲ့ ဘောလုံးကို အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း မပြီးခင်မှာပဲ တီဂျာနီ ရိုင်ဒါစ်က စီးတီးအတွက် တတိယဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့ပြီး အသင်းရဲ့ အသာစီးရမှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ နယူးကာဆယ်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၆၀ မတိုင်ခင်မှာ အန်သိုနီ အီလန်ဂါက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မာမွတ်ရှ်အနေနဲ့ ဒီပွဲမှာ နယူးကာဆယ်အသင်းအပေါ် သူ့ရဲ့ ကစားသမားဘဝ ဒုတိယမြောက် ဟက်ထရစ်ကို ရယူနိုင်ဖို့ အခွင့်အရေး ရခဲ့ပေမဲ့ အပိုင်အနေအထားကနေ ကန်တင်လိုက်တာကြောင့် ဂိုးပေါ်ကျော်သွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စီးတီးအသင်းဟာ လာမယ့်လမှာတော့ ဝင်ဘလေကွင်းကြီးအတွင်း အာဆင်နယ်အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ မာမွတ်ရှ်က "ပထမဂိုးကတော့ တကယ်ကို ကံကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အနေအထားမှာ ကျွန်တော် နောက်ခံလူကို ဆွဲထုတ်ပြီး ဝမ်းတူး ကစားခဲ့တာပါ။ အထိအတွေ့က အကောင်းဆုံး မဟုတ်ပေမဲ့ နောက်ဆုံးမှာတော့ ဘောလုံးက ဂိုးထဲဝင်သွားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် အမြဲတမ်း နေရာလွတ်တွေထဲ ပြေးဝင်ဖို့နဲ့ နေရာမှန်မှာ ရှိနေဖို့ ကြိုးစားခဲ့ပါတယ်။ အခုလို နှစ်ဂိုးသွင်းပြီး အသင်းကို ဗိုလ်လုပွဲ တက်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်" လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
"ဒီနေ့မှာ ဟက်ထရစ်ရခဲ့ရင် ပိုကောင်းမှာဖြစ်ပေမဲ့ အသင်းကို ယုံကြည်မှုပေးနိုင်တဲ့ ဒီနှစ်ဂိုးအတွက်ပဲ ကျေနပ်ပါတယ်။ ကျွန်တော်တို့ဟာ အသင်းလိုက် စိတ်ဓာတ်ကောင်းကောင်းနဲ့ စည်းစည်းလုံးလုံး ကစားနိုင်ခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"ပထမမိနစ်ကတည်းက ပွဲအပေါ် အာရုံစိုက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တဲ့အတွက် အားလုံးက ပျော်ရွှင်နေကြပါတယ်" လို့ မာမွတ်ရှ်က ဖွင့်ဟခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူး မာမွတ်ရှ်ဟာ အသင်းနဲ့အတူ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ကိုလည်း အလေးအနက် မျှော်လင့်နေပါတယ်။
"ဒါဟာ ကမ္ဘာ့အကြီးဆုံး ကလပ်တွေထဲက တစ်ခုဖြစ်ပြီး ဆုဖလားတွေ ရယူဖို့ ကျွန်တော်တို့ ဒီကို ရောက်နေတာပါ။ ဗိုလ်လုပွဲတွေကို တက်လှမ်းဖို့နဲ့ ဆုဖလားတွေရဖို့ နေ့တိုင်း အကောင်းဆုံး ကြိုးစားနေပါတယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
"ကစားသမားသစ်တွေရော အသင်းမှာ ရှိနှင့်ပြီးသားသူတွေအတွက်ပါ ဒါကို အောင်မြင်အောင် လုပ်ဆောင်ချင်ပါတယ်။ ဆုတံဆိပ်တိုင်း၊ ဖလားတိုင်းဟာ အရေးကြီးတယ်ဆိုတာကို သူတို့ ကျွန်တော်တို့ကို ပြသခဲ့ပါတယ်" လို့ မာမွတ်ရှ်က နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။