ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အေစီမီလန်နဲ့အပြိုင် ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ပါ ကြိုးပမ်းလာ
ဂျူဗင်တပ်စ်အသင်းရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့အတွက် အေစီမီလန်အပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ပါ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့လက်ရှိစာချုပ်စာချုပ်သက်တမ်းက အခုဘောလုံးရာသီပြီးဆုံးချိန် ကုန်ဆုံးဖို့ရှိနေပါတယ်။ ဒါကြောင့်လည်း ဗလာဟိုဗစ်က ရာသီကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမယ့်အခြေအနေမှာ ရှိနေတာပါ။
အီတလီအခြေစိုက် Calciomercato သတင်းဌာနရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ အဆိုပါ ဆားဘီးယားတိုက်စစ်မှူးကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အေစီမီလန်က ဗလာဟိုဗစ်ကို အလွယ်တကူခေါ်ယူနိုင်ဖို့မရှိဘဲ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ပါ ဒီပြိုင်ပွဲမှာ ပါဝင်လာနေပါတယ်။
လက်ရှိမှာတော့ အင်္ဂလန်ကလပ်အသင်းနှစ်ခုလုံးက ဗလာဟိုဗစ်ကို နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ကစားသမားနဲ့ ကြိုတင်သဘောတူညီမှုရယူရန်အခွင့်အရေး ရှိနေကြပါတယ်။