ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ ဂါနာချိုရဲ့ခြေစွမ်းက စိတ်ပျက်စရာကောင်းတယ်လို့ ဂယ်ရီနဗီးလ် ဝေဖန်
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ လူငယ်တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုရဲ့ ကစားဟန်ကိုကြည့်ရတာ စိတ်ပျက်စရာကောင်းတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နည်းပြသစ် ရူဘင် အာမိုရင်ရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် မန်ချက်စတာယူနိုက်တက်ကနေ ချဲလ်ဆီးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ လန်ဒန်အနောက်ခြမ်းမှာတော့ အာဂျင်တီးနားသားဟာ အတော်လေးကို ရုန်းကန်နေရပြီး အသင်းအတွက် စုစုပေါင်း ၆ ဂိုးသာ သွင်းယူပေးထားနိုင်ပါသေးတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာလည်း ဂါနာချိုဟာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ သူ ကွင်းထဲက ထွက်သွားပြီးနောက်မှာမှ ချဲလ်ဆီးအသင်းဟာ ရလဒ်ကို အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြောင်းပြန်ဖြစ်စေခဲ့ပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါ ဂယ်ရီနဗီးလ်က သူ့ရဲ့ ပေါ့ဒ်ကတ်စ်မှာ "ပထမပိုင်းမှာ ဝက်စ်ဟမ်းက တကယ်ကို ကောင်းခဲ့တာပါ။ သူတို့က ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ချဲလ်ဆီးရဲ့ ဘယ်တောင်ပံခြမ်းကတော့ လုံးဝကို ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက "ဂါနာချိုဟာ ကစားသမားကောင်း တစ်ယောက်လားဆိုတာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ အခု ချဲလ်ဆီးမှာ သူကစားနေတာကို ကြည့်ရတာ ယုံကြည်မှုတွေ လုံးဝ ပျောက်ဆုံးနေတဲ့ ပုံစံမျိုးပါပဲ" လို့ ဖွင့်ဟခဲ့ပါတယ်။
ဘယ်တောင်ပံခြမ်းမှာ ဂျော်ရဲလ် ဟာတို၊ ဂါနာချိုနဲ့ ဘီနွိုက် ဘာဒီယာရှီးလ်တို့ရဲ့ ပူးပေါင်းမှုက ကြည့်ရတာ အတော်လေးကို စိတ်ပျက်စရာကောင်းပြီး ဆိုးရွားလွန်းတဲ့ မြင်ကွင်းပါပဲလို့ နဗီးလ်က မှတ်ချက်ပေးခဲ့ပါတယ်။
ဂါနာချိုဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘောလုံး ၁၂ ကြိမ်အထိ ဆုံးရှုံးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။ သူဟာ နည်းပြ လီယမ် ရိုဆီနီယာရဲ့ လက်အောက်မှာလည်း ခြေစွမ်းပြနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
လာမယ့် အင်္ဂါနေ့ညမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလား ပွဲစဉ်မှာလည်း ဂါနာချိုဟာ အရန်ခုံမှာပဲ ထိုင်နေရဖို့ ရှိနေတယ်လို့ သိရပါတယ်။