ကာရာဘောင်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့တက်လှမ်းလာပြီးနောက် ပရိသတ်တွေရဲ့အားပေးမှု ကို မာရက်စ်ကာ ချီးကျူး
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကာဒစ်ဖ်ကို ၁-၃ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ပရိသတ်တွေရဲ့ အားပေးမှုကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ မကြာသေးမီက မာရက်စ်ကာဟာ ပရိသတ်တွေရဲ့အားပေးမှုကို အလုံအလောက်မရရှိကြောင်း ပြောကြားထားခဲ့ပေမယ့် ယခုအခါမှာတော့ သူဟာ ချဲလ်ဆီးသို့စတင်ရောက်ရှိလာကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် အမြဲတမ်းပျော်ရွှင်နေခဲ့ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ယခုယှဉ်ပြိုင်ခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက်ဂိုးတွေကို အလီဂျန်ဒရိုဂါနာချိုက ၂ ဂိုးနဲ့ ပက်ဒရိုနက်တိုတို့က ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ မာရက်စ်ကာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝမရရှိဘူးလို့ ခံစားမိကြောင်းပြောကြားခဲ့ပေမယ့် ယခုအခါမှာ ပရိသတ်တွေရဲ့အားပေးမှုကို ချီးကျူးလာခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာက "ကျွန်တော်ဒီမှာပျော်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်ကစားရဦးမှာဖြစ်ပြီး ဒီပွဲက ပရိသတ်တွေအတွက် ထိုက်တန်ပါတယ်။ အရမ်းကောင်းတဲ့အခိုက်အတန့်ပါပဲ။ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ အမြဲတမ်းကျေးဇူးတင်ခဲ့တာပါ။ အသင်းကအနိုင်မရတဲ့အခါတွေမှာတော့ အားပေးမှုလျော့ကျပေမယ့် အားပေးတဲ့သူတွေကတော့ ရှိနေတုန်းပါပဲ"
"ကျွန်တော်တို့ အနိုင်မရတဲ့ပွဲတွေမှာတော့ သူတို့ ပျော်မှာမဟုတ်ပါဘူး။ ဒါက သာမန်ပါပဲ။ ဒါပေမယ့် ခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ ပရိသတ်တွေက ကျွန်တော်တို့အတွက် အမြဲတမ်းရှိနေပါတယ်။ ကျွန်တော်ဒီကို စရောက်တဲ့ပထမရက်မှာကတည်းက ပျော်ရွှင်ခဲ့တာပါ။ ဒီနေ့မှာလည်း အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က အဲဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တဲ့မှတ်ချက်နဲ့ပတ်သက်ပြီး အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ စကားပြောဖြစ်သလားလို့မေးမြန်းခဲ့ရာ အီတလီသားနည်းပြက "မပြောဖြစ်ပါဘူး။ ကျွန်တော်မနေ့ကပြောခဲ့သလိုပါပဲ။ အဲဗာတန်နဲ့ပွဲအပြီးကတည်းက ကာဒစ်ဖ်နဲ့ပွဲအတွက် အထူးအာရုံစိုက်ခဲ့ပါတယ်။ အခုတော့ နယူးကာဆယ်နဲ့ပွဲအတွက် ပြင်ဆင်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။