ရော်နယ်ဒိုမပါရင် ပေါ်တူဂီက ပိုကောင်းတယ်ဆိုတဲ့အဆိုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုမပါရင် ပိုကောင်းတယ်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ဖာနန်ဒက်စ်က ရော်နယ်ဒိုပါဝင်ကစားနေချိန် ပေါ်တူဂီအနေနဲ့ ကစားပုံညံ့ဖျင်းနေခြင်းမှာ အသင်းရဲ့အားနည်းချက်ကြောင့်သာဖြစ်ပြီး ပေါ်တူဂီကစားသမားတွေအနေနဲ့ ရော်နယ်ဒိုရဲ့အရည်အသွေးတွေနဲ့ လိုက်လျောညီထွေကစားနိုင်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဖာနန်ဒက်စ်က "ဒီအကြောင်းကိုပြောရမှာကျွန်တော့်အတွက်ပြဿနာမရှိပါဘူး။ ရော်နယ်ဒိုမပါရင် ကျွန်တော်တို့ပိုပြီးတော့ ကောင်းအောင်ကစားနိုင်တယ်လို့ ကစားသမားတွေပိုပြီးတော့ လွတ်လပ်လာတယ်လို့ လူတွေထင်နေကြတာ ကျွန်တော်သိပါတယ်"
"ရော်နယ်ဒိုကြောင့် အသင်းရဲ့ကစားဟန်ထိခိုက်တယ်ဆိုတဲ့အဖြစ်မျိုးက တကယ်တော့ ကျွန်တော်တို့ရဲ့အမှားတွေကြောင့်လည်း ပါပါတယ်။ ရော်နယ်ဒိုကပဲ အသင်းကိုဆွဲထားတယ်လို့ အဖြစ်မခံသင့်ပါဘူး။ သူက ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ကိုအများကြီးအကူအညီပေးနိုင်တဲ့သူပါ။ ပြိုင်ဘက်ကစားသမားတွေကို ဆွဲထုတ်ပေးနိုင်ပြီး ကျွန်တော်တို့အတွက် နေရာလွတ်တွေဖန်တီးပေးနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပေါ်တူဂီမန်နေဂျာ ရော်ဘတ်တိုမာတီနက်ဇ်ကလည်း ရော်နယ်ဒိုရဲ့အရေးပါပုံကို "ရော်နယ်ဒို၊ နူနိုမန်ဒက်စ်နဲ့ ပတ်ဒရိုနက်တိုနဲ့ရှိနေရင် ကျွန်တော်တို့အသင်းက ပိုပြီးတော့အင်အားတောင့်တင်းပါတယ်" လို့ပြောဆိုထောက်ခံခဲ့ပါတယ်။
အသက်-၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကလပ်အသင်းဖြစ်တဲ့အယ်လ်နာဆာအတွက် ဂိုးတွေတောက်လျှောက်သွင်းယူနေဆဲဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာလည်း ပေါ်တူဂီအတွက် ၅ ပွဲကစား ၅ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ခြေစစ်ပွဲစဉ်အုပ်စုအဆင့်အတွင်း အိုင်ယာလန်နဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပြိုင်ဘက်ကစားသမား ဒါရာအိုရှေးကို တံတောင်နဲ့တိုက်မိခဲ့လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ပေါ်တူဂီရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ရော်နယ်ဒိုမပါဝင်တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ပေါ်တူဂီဟာ တိုက်စစ်ပိုင်းအတော်လေးခြေစွမ်းပြသခဲ့ပြီး အာမေးနီးယားကို ၉-၁ နဲ့အနိုင်ရခဲ့တာကြောင့် ပေါ်တူဂီက ရော်နယ်ဒိုမပါရင်ပိုကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားက သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်သလားဆိုတဲ့မေးခွန်းကို ရော်နယ်ဒိုက "ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်က ၄၁ နှစ်ရှိနေပါပြီ။ အခုလောလောဆယ်မှာတော့ ကျွန်တော်အကောင်းဆုံးပုံစံရှိနေတယ်လို့ခံစားရပါတယ်။ ဂိုးတွေသွင်းနိုင်သေးပြီး မြန်ဆန်နေလို့ လက်ရွေးစင်အသင်းမှာကစားရတာကိုလည်း ပျော်ရွှင်နေပါတယ်" လို့ဖြေကြားခဲ့ပါတယ်။