The network connection is lost.

Banner Image

ယူနိုက်တက်ဆီပြောင်းရွှေ့ဖို့ ဗယ်လ်ဗာဒီ စိတ်မဝင်စားဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဗယ်လ်ဗာဒီကိုခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်ကိုယ်တိုင် တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ကစားသမားဘက်မှ ပြတ်သားတဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ စပိန်ဘက်မှထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။
သရဲနီတွေက ဒီနွေရာသီမှာ အသင်းကွင်းလယ်ပိုင်းကို အကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့ ဦးစားပေး လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။ အသင်းမှထွက်ခွာတော့မယ့် ကတ်စ်မဲရိုးနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ အူဂါတီတို့ရဲ့ အခြေအနေတွေကြောင့် အနည်းဆုံး ကွင်းလယ်ကစားသမားသစ်နှစ်ဦးလောက် ခေါ်ယူဖို့ မျှော်လင့်ထားတာပါ။

၂၀၂၄ ခုနှစ်၊ ပီအက်စ်ဂျီမှ ပြောင်းရွှေ့ကြေး ပေါင် ၅၀ ဒဿမ ၅ သန်းဖြင့်ရောက်ရှိလာခဲ့တဲ့ ဥရုဂွေးလက်ရွေးစင်က အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြသနိုင်ဖို့ သိသိသာသာ ရုန်းကန်နေရပါတယ်။ အထူးသဖြင့် အသက် ၃၄ နှစ် ပြည့်တော့မယ့် ကတ်စ်မဲရိုးနေရာမှာ အူဂါတီဝင်ရောက်ကစားချိန်တိုင်း ယူနိုက်တက်ရဲ့ ကွင်းလယ်ထိန်းချုပ်နိုင်စွမ်းက သိသိသာသာကျဆင်းသွားလေ့ ရှိပါတယ်။

ဝါရင့်ကွင်းလယ်လူကတ်စ်မဲရိုးရဲ့စာချုပ်သက်တမ်းမှာ အခုဘောလုံးရာသီပြီးဆုံးချိန်၊ သက်တမ်းကုန်ဆုံးဖို့ရှိနေသလို အသင်းဘက်ကလည်း စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်က ကတ်စ်မဲရိုးကိုခေါ်ယူခဲ့သလိုပဲ ဘာနေဗျူးမှ နောက်ထပ်ထိပ်တန်းကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတာပါ။

အသက် ၂၇ နှစ်အရွယ် ဗယ်လ်ဗာဒီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး မြန်နှုန်း၊ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းတွေ ပေါင်းစပ်ထားတဲ့အတွက် ကွင်းရဲ့ ဘယ်နေရာမှာမဆို ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗယ်လ်ဗာဒီကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ စဉ်းစားနေသလို၊ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့ အခန်းကဏ္ဍအပေါ် မကျေမနပ် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ INEOSအုပ်စုကို ဦးဆောင်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ကိုယ်တိုင် ဗယ်လ်ဗာဒီရဲ့အေးဂျင့်နဲ့ လွန်ခဲ့တဲ့သုံးပတ်အတွင်း နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ပူးတွဲပိုင်ရှင်ရဲ့ကမ်းလှမ်းမှုက အေးစက်စက်တုံ့ပြန်မှုနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

ဗယ်လ်ဗာဒီက ရီးရဲလ်မက်ဒရစ်မှထွက်ခွာမယ်ဆိုရင် ဥရောပထိပ်တန်းအသင်းကြီးတွေဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို အသိအမှတ်ပြုထားပေမဲ့ အိုးလ်ထရက်ဖို့ဒ်ကို သူ့အတွက် ဆွဲဆောင်မှုအရှိဆုံးနေရာမဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

"ဗယ်လ်ဗာဒီက သူ့ရဲ့ အနာဂတ်အတွက် ရွေးချယ်စရာအားလုံးကိုလေ့လာဖို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ကတော့ သူ့အတွက် စိတ်ဝင်စားစရာအကောင်းဆုံးအရာ မဟုတ်ပါဘူး။ သူက တည်ငြိမ်မှုရှိပြီး ဆုဖလားအားလုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းမျိုးဆီ ပြောင်းရွှေ့ဖို့ပဲ လိုလားနေပါတယ်" လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ဗယ်လ်ဗာဒီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် ရရှိမှသာ လက်ခံစဉ်းစားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ဒီပမာဏကို ပေးချေဖို့ အသင့်ရှိနေပေမဲ့ ကစားသမားကိုယ်တိုင် ပြောင်းရွှေ့ဖို့ဆန္ဒမရှိဘူးဆိုရင်တော့ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ခက်ခဲသွားပါလိမ့်မယ်။