အမေရိကန်ကလပ် မင်နီဆိုတာယူနိုက်တက်သို့ပြောင်းရွှေ့ရန် ဆွေးနွေးနေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းရိုဒရီဂွတ်ဇ်
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းရိုဒရီဂွတ်ဇ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် မင်နီဆိုတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမားက မက္ကဆီကိုကလပ်လီယွန်နဲ့လမ်းခွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ရိုဒရီဂွတ်ဇ်ဟာ မင်နီဆိုတာယူနိုက်တက်အသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာဖို့အတွက် ညှိနှိုင်းမှုတွေ အလေးအနက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တကယ်လို့ ရိုဒရီဂွတ်ဇ်ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မင်နီဆိုတာယူနိုက်တက်အတွက် အလွန်ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဒါ့အပြင် သူက မင်နီဆိုတာယူနိုက်တက်ဂျာစီကို ဝတ်ဆင်ကစားမယ်ဆိုရင် အသင်းသမိုင်းတစ်လျှောက် အကျော်ကြားဆုံးနဲ့ နာမည်အကြီးဆုံးကစားသမားလည်း ဖြစ်လာပါလိမ့်မယ်။
ရိုဒရီဂွတ်ဇ်က လီယွန်အသင်းအတွက် ၃၄ ပွဲ ကစားပေးခဲ့ရာမှာ ၅ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။