လက်ရှိချန်ပီယံတွေကိုဖြုတ်ချကာ ဝင်ဘာလေကွင်းဆီ ချီတက်လာတဲ့ မန်စီးတီး
မန်စီးတီး ၃-၁ နယူးကာဆယ် (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုး)
အခုရာသီ၊ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ မန်စီးတီးက လက်ရှိချန်ပီယံနယူးကာဆယ်ကို အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့လုံးအနိုင်ယူကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ အခုအီတီဟတ်ကွင်းဒုတိယအကျော့ပွဲစဉ်မှာလည်း မန်စီးတီးက ပထမပိုင်းမှာတင် အိုမာမာမွတ်ရှ်(၂ ဂိုး)၊ ရိန်ဒါစ်တို့ရဲ့သွင်းဂိုးတို့နဲ့ ပြိုင်ဘက်အပေါ် ပြတ်ပြတ်သားသားအသာစီးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဧည့်သည်တွေအတွက် လူစားဝင်ကစားသမားအီလန်ဂါက တစ်လုံးတည်းသောချေပဂိုးကို တစ်ကိုယ်တော်စွမ်းရည်ဖြင့် ကန်သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲက လာမယ့်ရက်ပိုင်းအတွင်း အန်ဖီးလ်ကွင်းမှာ ပွဲကျပ်တစ်ခုရင်ဆိုင်ရတော့မယ့် ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ခွန်အားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။