အာနိုးလ်ကို အံ့ဖွယ်ကစားသမားအဖြစ် ချီးကျူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာ
ရီးရဲလ်ဆိုစီဒက်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အာနိုးလ်ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက အလွန်ကျေနပ်အားရနေပါတယ်။ အာဘီလိုအာက အင်္ဂလန်နောက်ခံလူကို အထင်မကြီးဘူးဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ စနေနေ့နိုင်ပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြကိုယ်တိုင် အာနိုးလ်ကို အမွှန်းတင်ချီးကျူးခဲ့ပါတယ်။
"ထရန့်က သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီဖြစ်တဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူက တကယ့်ကို ပါးနပ်တဲ့ကစားသမားတစ်ဦးဖြစ်လို့ ကျွန်တော့်အတွက်တော့ အံ့ဩစရာမရှိပါဘူး။ သူက ဘောလုံးကစားပုံကို အံ့ဩစရာကောင်းလောက်အောင် နားလည်သလို သူ့ရဲ့ အရည်အသွေးနဲ့ ကစားကွက်အပေါ် နားလည်နိုင်စွမ်းကလည်း တကယ့်ကိုအံ့အားသင့်စရာပါပဲ" လို့ အာဘီလိုအာက ပြောကြားခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်က ခါးသီးပြိုင်ဘက်ဘာစီလိုနာထက် တစ်ပွဲပိုကစား၊ ရမှတ် ၂ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းခဲ့ပါတယ်။