ဂျီရိုနာနဲ့ပွဲမတိုင်ခင် ဘာစီလိုနာတိုက်စစ်ကစားသမားနှစ်ဦးရဲ့ ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ဟန်ဆီဖလစ်ခ်
ဘာစီလိုနာအသင်းနည်းပြချုပ် ဟန်ဆီဖလစ်ခ်က သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားနှစ်ဦးရဲ့ ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ဒါဟာ တနင်္လာနေ့ညမှာ ကစားမယ့် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်း ပြန်လည်ပါဝင်လာတော့မယ့်အချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပတ်ဝတ်ကစားခဲ့တဲ့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ၄ ဂိုး - ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါကြောင့် လက်ရှိ စပိန်ချန်ပီယံ ဘာစီလိုနာအသင်းအနေနဲ့ မနက်ဖြန်ညမှာ ကစားမယ့် ဂျီရိုနာအသင်းနဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရလဒ်နဲ့အတူ အကောင်းဆုံးပြန်လာနိုင်ဖို့ ရည်မှန်းထားပါတယ်။
အခုလို အနိုင်ရဖို့ ကြိုးစားနေချိန်မှာပဲ ဘာစီလိုနာအသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်သူ ရာဖင်ဟာ ပြန်လည်ပါဝင်လာနိုင်တာက သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့လည်း တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကတော့ ဒဏ်ရာကြောင့် အသင်းအတွက် ရွေးချယ်ခံနိုင်ဖို့ အဆင်မပြေသေးပါဘူး။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ လူစာရင်းနဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး ဟန်ဆီဖလစ်ခ်က အခုလို အတည်ပြုခဲ့ပါတယ်။
"ရပ်ရှ်ဖို့ဒ်ရဲ့ အခြေအနေက တိုးတက်လာနေပေမဲ့ မနက်ဖြန်ပွဲအတွက်တော့ သူပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရာဖင်ဟာကတော့ ကစားနိုင်မှာပါ" လို့ ၎င်းက ဆိုပါတယ်။