ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်ထားတဲ့ ကောလာဟလတွေကို တုံ့ပြန်လာတဲ့ ဆိုဘိုဆလိုင်းရဲ့အေးဂျင့်
ရီးရဲလ်မက်ဒရစ်အသင်းနဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်လာပြီးနောက် ဆိုဘိုဆလိုင်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ မားတီးယပ်စ်အက်စတာဟာဇီက ထုတ်ဖော်ပြောကြားလာပါတယ်။
ဟန်ဂေရီလက်ရွေးစင်ကစားသမားဟာ လီဗာပူးကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း သွင်းဂိုး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။
လီဗာပူးအသင်းက လွန်ခဲ့တဲ့နှစ်နှစ်၊ ဆိုဘိုဆလိုင်းကို လိုက်ပ်ဇစ်ဆီမှ ပေါင်သန်း ၆၀ တန်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ ကစားသမားတို့အကြား စာချုပ်သစ်ထပ်မံချုပ်ဆိုခြင်းမရှိသေးလို့ ပြီးခဲ့တဲ့နွေရာသီ၊ အာနိုးလ်ကိုလက်လွှတ်ခဲ့ရသလို ဆိုဘိုဆလိုင်းကိုလည်း ရီးရဲလ်မက်ဒရစ်ဆီ ဆုံးရှုံးရမယ့်အရေးကို လီဗာပူးဘက်မှ စိုးရိမ်နေကြပါတယ်။
အခုလိုကောလာဟလတွေဆက်တိုက်ထွက်ပေါ်နေတဲ့အချိန်မှာပဲ အက်စတာဟာဇီက အသင်းမှ ဆိုဘိုဆလိုင်းထွက်ခွာတော့မယ်လို့ ယူဆနေကြတဲ့ ပရိသတ်တွေအတွက် စိတ်အေးသွားစေမယ့် သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။
"ဆိုဘိုဆလိုင်း အခုလိုခြေစွမ်းပြနေတဲ့အချိန်မှာ နောက်ထပ်ဘာဖြစ်မလဲ၊ ဒီထက်မြင့်တဲ့နေရာကို သွားမလားဆိုပြီး လူတွေပြောကြတယ်ဆိုတာ သဘာ၀ကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ ဒါကို ဆွေးနွေးစရာ မရှိပါဘူး။ အခုမှ ရာသီဝက်ပဲ ရှိပါသေးတယ်၊ ဆိုဘိုဆလိုင်းအတွက် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ လုပ်စရာအလုပ်တွေ အများကြီးရှိနေပါသေးတယ်။ ဒီပြိုင်ပွဲတွေက သူ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သူကိုယ်တိုင်လည်း အကြိမ်ကြိမ်ပြောဖူးပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ ဘာဖြစ်မလဲဆိုတာကို အခုကတည်းက ပြောနေဖို့အတွက် မလိုသေးဘူးလို့ ထင်ပါတယ်။ နောက်ပြီး လီဗာပူးက ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေအနက် တစ်ခု ဖြစ်သလို ဆိုဘိုဆလိုင်းကိုယ်တိုင်လည်း အသင်းရဲ့အရေးပါတဲ့နေရာတစ်ခုမှာရှိနေလို့ အခြားအရပ်ဆီ မျက်စိကျနေတာမျိုး ဒါမှမဟုတ် အခြားအသင်းရှာဖွေနေတာမျိုး မရှိပါဘူး" လို့ အက်စတာဟာဇီက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက အခုရာသီ၊ ပြိုင်ပွဲစုံမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ထားပြီး ဂိုးပါဝင်ပတ်သက်မှုအပိုင်းမှာလည်း ဟူဂိုအီကီတီကီပြီးရင် အကောင်းဆုံးလီဗာပူးကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။