ဂျရတ်နဲ့မနှိုင်းယှဉ်ကြဖို့ တောင်းဆိုလိုက်တဲ့ လီဗာပူးကွင်းလယ်လူဆိုဘိုဆလိုင်း
လီဗာပူးကွင်းလယ်ကစားသမားဆိုဘိုဆလိုင်းက သူ့ကို အသင်းရဲ့ဂန္ထဝင်ကစားသမားကြီး စတီဗင်ဂျရတ်နဲ့နှိုင်းယှဉ်ပြောဆိုမှုမပြုလုပ်ကြဖို့ ဆန္ဒရှိနေပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ဘရိုက်တန်ကိုအနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွင်း ဆိုဘိုဆလိုင်းက ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲစဉ်အပြီးမှာလည်း အသင်းဖော်မိုဆာလက်ရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။မိုဆာလက်ကတော့ ဟန်ဂေရီကွင်းလယ်လူကို လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆိုဘိုဆလိုင်းကို ဂျရတ်လိုမျိုးပဲ အနာဂတ်မှာ လီဗာပူးအသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။
"ကျွန်တော်က ဂျရတ်လိုမျိုး ဘောလုံးရာသီတွေ မပိုင်ဆိုင်နိုင်သေးပါဘူး။ သူက ဒီကလပ်အသင်းအတွက် ဂန္ထဝင်တစ်ဦးပါ" လို့ ဆိုဘိုဆလိုင်းက ပြောပါတယ်။
"ကျွန်တော်ကတော့ ကိုယ်ပိုင်သမိုင်းကြောင်းကိုသာရေးထိုးနိုင်ဖို့ ကြိုးစားနေပြီး ပွဲတိုင်းမှာ အစွမ်းကုန် ပေးဆပ်ကစားသွားပါမယ်။ အဆုံးအထိ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။