အသင်းဖော်ဟောင်းရဲ့ပွဲစဉ်ကို ပေါ်တူဂီသို့ သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်က ပေါ်တူဂီနိုင်ငံကို ရောက်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ကစားသမားတွေဟာ အားလပ်ရက်ရရှိခဲ့ကြပြီး ဖာနန်ဒက်စ်ကတော့ အဲဒီအားလပ်ရက်ကို သူ့ရဲ့ဇာတိမြေမှာ သွားရောက်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကြယ်ပွင့်ဟောင်းဖြစ်သူဟာ အက်စတာတီဒိုကတ်ပီတယ်ဒိုမိုဗယ်လ်ကွင်းရဲ့ ပွဲကြည့်စင်ကနေ အိမ်ရှင် ပါကို့စ်ဖာရဲရားအသင်းနဲ့ တိုရမ်ဆီအသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ပါကို့စ်ဖာရဲရားအသင်းမှ ကစားသမား ဖရန်စစ္စကိုရာမို့စ်ကို အားပေးဖို့အတွက် အခုလို ရောက်ရှိလာတာဖြစ်တယ်လို့ SportTV က ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ ပေါ်တူဂီလူငယ်လက်ရွေးစင်အသင်းမှာ အတူတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ကြပါတယ်။
ပွဲအပြီးမှာတော့ ရာမို့စ်က သူ့ရဲ့သူငယ်ချင်းဖြစ်သူ လာရောက်အားပေးမှုနဲ့ပတ်သက်ပြီး "သူက ကျွန်တော့်အတွက် အမြဲတမ်း ထူးခြားတဲ့သူတစ်ယောက်ပါ။ ကျွန်တော်နဲ့ရော၊ ကျွန်တော့်မိသားစုနဲ့ပါ ရင်းနှီးကျွမ်းဝင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ပေါ်တူဂီဘောလုံးလောကက အခုလို ထိပ်တန်းကစားသမားတစ်ယောက်က လာရောက်ကြည့်ရှုပေးတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ။ သူဟာ ပေါ်တူဂီဘောလုံးလောကကို တန်ဖိုးထားသလို ပါကို့စ်ဖာရဲရားအသင်းကိုလည်း အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာပါတယ်။ သူ့ကို အခုလို အနားမှာရှိနေပေးတာဟာ ကျွန်တော့်အတွက် အရမ်းပျော်ဖို့ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။