ဖရင်ပေါင်နဲ့ အာနိုးလ်ကို နှိုင်းယှဉ်သုံးသပ်ခဲ့တဲ့ ယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်းမူလန်စတင်း
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်ဟောင်းရီနေးမူလန်စတင်းက ဖရင်ပေါင်ကို အာနိုးလ်နဲ့ နှိုင်းယှဉ်ကာ သုံးသပ်ပြောကြားခဲ့ပါတယ်။
အာနိုးလ်က ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ပထမဆုံးရာသီဝက်ကာလကို ခက်ခက်ခဲခဲဖြတ်သန်းလာရပြီး နည်းပြဇာဘီအလွန်ဆိုနဲ့ အာဘီလိုအာတို့လက်အောက်မှာ လာလီဂါပွဲထွက်ကစားသမားအဖြစ် ၆ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းမှာတော့ ဘရတ်ဒ်လေနဲ့ ဖရင်ပေါင်တို့က အင်္ဂလန်နောက်ခံလူရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့ကြပါတယ်။ အာနိုးလ်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့စနေနေ့မှာမှ နှစ်လကျော်ကာလအတွင်း လာလီဂါဘီလူးကြီးအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး မာဆေးဆိုဒ်ကလပ်နဲ့လမ်းခွဲခဲ့မှုအပေါ် နောင်တရနေလောက်ပါပြီ။
အသက် ၂၇ နှစ်အရွယ်ကစားသမားရဲ့နေရာမှာ အစားထိုးဝင်ရောက်နေတဲ့ဖရင်ပေါင်လည်း အာနိုးလ်ရဲ့ ခြေရာကို ဘယ်တော့မှမမှီနိုင်ဘူးလို့ မူလန်စတင်းက BetGoat ဆီ အခုလိုပြောပြခဲ့ပါတယ်။
"ဖရင်ပေါင်ကို ကျွန်တော် သဘောကျပါတယ်၊ သူက ခွန်အားအပြည့်နဲ့ကစားတတ်သူတစ်ဦးပါ။ ဒါပေမဲ့ သူ့ကို အာနိုးလ်နဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ထရန့်က ညာနောက်ခံလူနေရာမှာ ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းလိုမျိုး ကစားသမားဖြစ်ပါတယ်။
"သူ့ရဲ့ထူးခြားတဲ့အရည်အချင်းကတော့ ဘောလုံးပေးပို့မှု (passing) ဧရိယာကျယ်ပြန့်တာပါပဲ။ ဖရင်ပေါင်ကတော့ wingback အဖြစ် ပိုကစားနိုင်တဲ့ တက်ကြွလှုပ်ရှားတဲ့ ကစားသမားမျိုးပါ။ သူက ရှေ့ကိုတက်နိုင်တယ်၊ ခံစစ်ကစားနိုင်တယ်၊ ပြိုင်ဘက်ကိုကျော်ဖြတ်ပြီး ဖြတ်တင်ဘောတွေလည်း ပေးနိုင်ပါတယ်။
"သူက ထရန့်ထက် ပိုပြီးတော့လည်း လျင်မြန်ဖြတ်လတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သူတို့ပေးစွမ်းနိုင်တဲ့အရာတွေတော့ လုံးဝကွဲပြားခြားနားပါတယ်။ ဒါကြောင့် သူတို့က နေရာတူပေမဲ့လည်း လုံးဝမတူညီတဲ့ အရည်အသွေးအပြည့်ကစားသမားတစ်ဦးကို အစားထိုးလိုက်သလိုပါပဲ။
"ဒါပေမဲ့ ဖရင်ပေါင်က တကယ့်ကို ထိပ်တန်းပရော်ဖက်ရှင်နယ်ဆန်ပြီး ကြိုးစားတဲ့ လူငယ်တစ်ဦးပါ။ သူက ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်အောင်လုပ်မှာမဟုတ်ပါဘူး။ အမြဲတမ်းရာနှုန်းပြည့်အစွမ်းကုန်ကစားပေးပါတယ်။ သူ့ကို လီဗာပူးအသင်းခေါ်ယူလိုက်ချိန် သူက နေရာစုံကစားနိုင်တဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ကျွန်တော်ထင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အာနိုးလ်ကတော့ ဒီနွေရာသီ၊ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပြီး ဖရင်ပေါင်ကတော့ လာမယ့်လတွေအတွင်း ကြံ့ခိုင်မှုပြန်ပြည့်ဝလာမယ်ဆိုရင် နယ်သာလန်အသင်းမှာ နေရာရရှိဖို့ သေချာသလောက် ဖြစ်နေပါတယ်။