The network connection is lost.

Banner Image

ကာရစ်က ယူနိုက်တက်ကို ပျော်စရာကောင်းအောင်လုပ်ပေးနိုင်တဲ့ နည်းပြဖြစ်တယ်လို့ အာမက်ချီးကျူး

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အာမက်က သူတို့ရဲ့ နည်းပြဖြစ်သူ မိုက်ကယ်ကာရစ်ကို ချီးကျူးစကားတွေ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးအနေနဲ့ အောင်မြင်ခဲ့တဲ့ ကာရစ်ရဲ့ အတွေ့အကြုံတွေဟာ နည်းပြဖြစ်လာတဲ့အခါမှာ သူ့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ အာမက်က ယုံကြည်နေတာပါ။

Inside Carrington ပေါ့တ်ကတ်စ်မှာ အာမက်က “မိုက်ကယ်ကာရစ်ကို အသင်းရဲ့ နည်းပြချုပ်အဖြစ် ရရှိထားတာဟာ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီအသင်းအကြောင်းကို ကောင်းကောင်း သိထားလို့ပါပဲ။ ကျွန်တော်တို့ ဘယ်လိုအသင်းမျိုးအတွက် ကစားပေးနေရတာလဲဆိုတာကို သူကပဲ အဓိက ပြောပြပေးနိုင်တာပါ။ ပွဲမစခင်တိုင်းမှာလည်း ‘မင်းတို့ဟာ မင်းတို့အတွက်တင် မကဘူး၊ ပရိသတ်တွေအတွက်ပါ ကစားပေးနေကြတာ’ ဆိုတာကို သူ အမြဲတမ်း သတိပေးတတ်ပါတယ်။ ပရိသတ်တွေဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း သူက ပြောပြပေးပါတယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့က နိုင်ချင်ကြသလို ပရိသတ်တွေကိုလည်း တစ်ခုခု ပြန်ပေးချင်တဲ့အတွက် သူတို့အတွက်ပါ ကစားပေးနေကြတာပါ။ ကာရစ်နဲ့အတူ လက်တွဲလုပ်ဆောင်ရတာဟာ အရမ်းကို ပျော်စရာကောင်းသလို ကျွန်တော်တို့ လေ့ကျင့်ရေးဆင်းရတာကိုလည်း နှစ်သက်ကြပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူက လူတိုင်းနဲ့ စကားပြောလေ့ရှိသလို ကျွန်တော်ကတော့ သူ့ကို အရင်ကတည်းက သိထားတာဖြစ်လို့ အရမ်းကံကောင်းတယ်လို့ ဆိုရပါမယ်။ ကျွန်တော် အသက် ၁၈ နှစ်အရွယ် အသင်းကို စရောက်လာတုန်းကလည်း သူက ဒီမှာ ရှိနေခဲ့တာပါ” လို့ ဆိုပါတယ်။

“သူ ချန်ပီယံရှစ်မှာ လုပ်နေတုန်းကလည်း ကျွန်တော် သူ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ကို သိလာတာ ကြာပါပြီ၊ သူက တကယ်ကို လူကောင်းတစ်ယောက်ပါ” လို့ အာမက်က ဆက်လက်ပြောကြားခဲ့ပါတယ်။