ယူနိုက်တက်နည်းပြအဖွဲ့ဝင်ထဲမှာ အီဗန်ရှိနေလို့ ဝမ်းသာမိကြောင်း ဖွင့်ဟလာတဲ့ အာမက်
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အာမက်က ဂျွန်နီအီဗန်ကို နည်းပြတစ်ဦးအဖြစ် ရရှိထားတဲ့အပေါ် သဘောကျမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ခံစစ်ကစားသမားဟောင်း အီဗန်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အခုအခါမှာတော့ မိုက်ကယ်ကာရစ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
Inside Carrington ပေါ့ဒ်ကတ်စ်မှာ အာမက်က "ကစားသမားတစ်ယောက်အနေနဲ့ အသင်းအကြောင်း ကောင်းကောင်းသိတဲ့သူတွေ၊ ဒီအသင်းက သူတို့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို အသေအချာသိတဲ့သူတွေ ကိုယ့်ဘေးနားမှာ ရှိနေပေးဖို့က တကယ်ကို အရေးကြီးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒီအသင်းက ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို သူတို့က ကျွန်တော်တို့ကို အမြဲတမ်း ပြောပြပေးနေတာကြောင့် ဒါဟာ တကယ်ကို အရေးပါတဲ့အချက်ပါ။"
"ကျွန်တော်တို့ ကွင်းထဲဆင်းပြီး ကစားတဲ့အခါမှာလည်း သူတို့အတွက်ပါ အစွမ်းကုန်တိုက်ပွဲဝင်ချင်စိတ်တွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေ အနားမှာရှိနေဖို့က အရေးကြီးတာပါ" လို့ အာမက်က ဆိုပါတယ်။