ဒီညပွဲစဉ်မှာ အာဆင်နယ်ကို ဖိအားပေးကစားသွားမယ်လို့ ဝုဗ်နည်းပြအက်ဒ်ဝပ် ပြောကြား
ဒီည၊ အာဆင်နယ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကိုအခက်တွေ့အောင် လုပ်သွားမယ်လို့ ဝုဗ်နည်းပြရော့ဘ်အက်ဒ်ဝပ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ ဝုဗ်အသင်းက အမှတ်ပေးဇယားရဲ့အောက်ဆုံးနေရာမှာ ရပ်တည်နေပေမဲ့ အခုသီတင်းပတ်ကြားရက်မှာတော့ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
အက်ဒ်ဝပ်က "သူတို့က ပုံစံမျိုးစုံနဲ့ကစားနိုင်သလို နည်းလမ်းအမျိုးမျိုးနဲ့လည်း အနိုင်ယူနိုင်တဲ့ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ပွဲအတွင်း ကြုံလာနိုင်တဲ့ အခြေအနေမျိုးစုံအတွက် ပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့ကတော့ ရဲရဲဝံ့ဝံ့နဲ့အနိုင်ရဖို့ ကြိုးစားချင်တာပါ။ ဒါပေမဲ့ သူတို့ရဲ့အရည်အချင်းကိုလည်း လေးစားမှုရှိရမယ်၊ သူတို့ဘောလုံးကိုင်ထားချိန်မှာ ကျွန်တော်တို့ဘက်က အမှားအယွင်းမရှိဘဲ သေချာဂရုတစိုက်ကစားနိုင်ဖို့ လိုပါတယ်" လို့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် "စိတ်ရှည်ရှည်နဲ့ကစားရဖို့ရှိသလို အခွင့်အရေးရတဲ့အချိန်တွေမှာလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရပါမယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့အသုံးချနိုင်မယ့် အခွင့်အရေးတွေ ရလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အရမ်းကို စည်းကမ်းရှိရှိနဲ့ကစားရပါမယ်။ အများကြီးပြေးလွှားပြီး ကြိုးစားကစားရဖို့ရှိသလို၊ ထပ်ပြီးတော့လည်း အစွမ်းကုန်ကြိုးစားနေရပါမယ်။ ပွဲအခြေအနေကို တောင့်ခံထားနိုင်ရင်တော့ ကျွန်တော်တို့အတွက် အခွင့်အလမ်း ပိုရလာပါလိမ့်မယ်" လို့လည်း သူက ဆိုပါတယ်။
"ကျွန်တော်တို့မှာလည်း အသင်းရဲ့စံချိန်စံညွှန်းတွေကို ထိန်းထားချင်တာ၊ တိုးတက်အောင် လုပ်ချင်တာတွေကြောင့် ဖိအားရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာကျတော့ တစ်မျိုးတည်းမဟုတ်တဲ့ မျှော်လင့်ချက်တွေကြောင့် ဖိအားတွေ အများကြီးရှိနေပါတယ်။ သူတို့ အဲဒီလိုဖိအားတွေခံစားရအောင် ကျွန်တော်တို့က ပွဲပြီးခါနီးအထိ ကောင်းကောင်းတောင့်ခံကစားပြနိုင်ဖို့ လိုပါတယ်" လို့ အက်ဒ်ဝပ်က ပြောကြားခဲ့ပါတယ်။