ယူနိုက်တက်မှာ ရော်နယ်ဒိုကို တန်ဟတ်က လုံးဝအလျှော့မပေးခဲ့ကြောင်း ဖွင့်ဟလာတဲ့ လက်ထောက်နည်းပြဟောင်း မက္ကာလာရင်
ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒုတိယအကြိမ် ပြန်လည်ကစားခဲ့တုန်းက ဘာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာလဲဆိုတဲ့ အဓိကအကြောင်းရင်းကို နည်းပြလက်ထောက်ဟောင်း စတိဗ်မက္ကလာရင်က ရှင်းပြခဲ့ပါတယ်။
အခုလက်ရှိ အယ်လ်နာဆာအသင်းရဲ့ ကြယ်ပွင့်ဖြစ်သူ ရော်နယ်ဒိုဟာ ဘောလုံးမရှိတဲ့အချိန်မှာ အလုပ်မလုပ်ချင်တာနဲ့ ပြိုင်ဘက်ကို ဖိအားပေးဖို့ အားနည်းတာတွေကြောင့် နည်းပြ တန်ဟတ်နဲ့ အဆင်မပြေ ဖြစ်ခဲ့ရတာလို့ မက္ကလာရင်က ဝန်ခံခဲ့ပါတယ်။
"The Good, The Bad and The Football" ပေါ့ဒ်ကတ်စ်မှာ မက္ကလာရင်က အခုလို ပြောပြခဲ့တာပါ။ "လေ့ကျင့်ရေးကွင်းထဲမှာ အားပြိုင်မှုတွေ အများကြီးရှိခဲ့တယ်ဗျ။ တန်ဟတ်က 'ခင်ဗျားကို ဒါတွေ၊ ဒါတွေပဲ လုပ်စေချင်တာ' ဆိုပြီး ခိုင်းတာမျိုးတွေ အများကြီးပဲ။ ဒါက တန်ဟတ်ရဲ့ နည်းပြပုံစံပေါ့။ ရော်နယ်ဒိုကို ဒါက မင်းရဲ့ တာဝန်ပဲလို့ သူက အတိအကျ သတ်မှတ်ပေးထားတာ။"
"ကျွန်တော်ကတော့ ရော်နယ်ဒိုကို အမြဲပြောဖြစ်တယ်၊ 'သူ ခင်ဗျားကို လုပ်စေချင်တာက ရှင်းရှင်းလေးပါ။ အရှေ့ဆုံးကနေ စပြီး ဖိအားပေးပါ၊ တစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြေးပေးပါ။ ပြီးရင် ကွင်းလယ်ကို ပြန်ဆင်းပေး၊ အသင်းက ဘောလုံးပြန်ရတာနဲ့ ခင်ဗျားဆီကို ဘောလုံးပေးမှာမို့လို့ပါ' လို့ ပြောခဲ့ဖူးတယ်။ ဒါက သူဖြစ်စေချင်တဲ့ တစ်ခုတည်းသော အရာပါ။"
"ခင်ဗျား ဒါကို မလုပ်နိုင်ရင် ဒါမှမဟုတ် မလုပ်ချင်ရင်တော့ ကစားခွင့်ရမှာ မဟုတ်ဘူး။ သူ ခင်ဗျားကို လူစာရင်းထဲ ထည့်မှာမဟုတ်ဘူး။ တကယ်ပြောတာ၊ သူ ခင်ဗျားကို ရွေးမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောပြခဲ့ပါတယ်။"
"တခြားနည်းပြတွေဆိုရင်တော့ ရော်နယ်ဒိုလို ကစားသမားမျိုးကို လိုက်လျောပေးချင် ပေးပါလိမ့်မယ်။ အဲဒါက တခြားသူတွေနဲ့ မတူတဲ့အချက်ပဲ။ ဒါပေမဲ့ တန်ဟတ်ကတော့ မဟုတ်ဘူး၊ ငါက ဒီအတိုင်းပဲ လုပ်မယ်၊ သူ(ရော်နယ်ဒို) ကလည်း ငါခိုင်းတာ လုပ်ရမယ်၊ မလုပ်ရင် မကစားရဘူး ဆိုတဲ့အတိုင်းပဲ လုပ်ခဲ့တာ။"
"အဲဒါက တစ်ဖက်နဲ့တစ်ဖက် အားပြိုင်မှုတစ်ခုလိုပါပဲ။ ရန်ဖြစ်တာမျိုး မဟုတ်ပေမဲ့ အလျှော့မပေးဘဲ ဘယ်သူနိုင်မလဲ ဆိုတာမျိုးပေါ့။ တန်ဟတ်ကတော့ သူ့ရဲ့ မူဝါဒကိုပဲ အခိုင်အမာ ဆုပ်ကိုင်ထားခဲ့တယ်။ တခြားနည်းပြ အများစုကတော့ ဒါမျိုးကို လိုက်လျောပေးနိုင်ပေမဲ့ သူကတော့ သူ့ဆုံးဖြတ်ချက်အတိုင်းပဲ တစိုက်မတ်မတ် ရပ်တည်ခဲ့တာပါ" လို့ မက္ကလာရင်က ပြောကြားသွားပါတယ်။