လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ ကောလာဟလတွေအပေါ် ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ငြင်းဆန်
လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က ၎င်းတို့အနေနဲ့ ကလော့ပ်ကို ချိတ်ဆက်ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြပါတယ်။
မကြာသေးမီက Transfermarkt နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူ Marc Kosicke က မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ လီဗာပူးနည်းပြဟောင်းကို ချိတ်ဆက်ခဲ့ကြတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Kosicke က "ယာဂင်က အင်္ဂလန်မှာ တခြားဘယ်ကလပ်အသင်းကိုမှ နည်းပြမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပေမဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကတောင် လာရောက်စုံစမ်းခဲ့ကြပါတယ်။ ဒီလိုစုံစမ်းမှုတွေကတော့ အမြဲတမ်းရှိနေတာပါ။ သူက သူရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ်မှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ပြီးတော့ ကလပ်အသင်း ၃ သင်းကိုပဲ ကိုင်တွယ်ခဲ့ပြီး ဘယ်တော့မှ အထုတ်မခံခဲ့ရတဲ့ နည်းပြအနည်းငယ်ထဲက တစ်ဦးအနေနဲ့ သမိုင်းမှာ မှတ်တမ်းဝင်သွားရတာဟာ တကယ်ကို ကောင်းမွန်တဲ့အချက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်း နှစ်သင်းစလုံးက အဆိုပါ ချိတ်ဆက်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားကြပါတယ်။