ပရီးမီးယားလိဂ်ဆီပြန်လာဖို့ လမ်းဖွင့်ထားပေမဲ့ လက်ရှိအသင်းပရိသတ်တွေဆီ အကြွေးပြန်ဆပ်ရဦးမယ်လို့ ဆိုလိုက်တဲ့ အိုင်ဗန်တိုနေး
အယ်လ်အာလီအသင်းတိုက်စစ်မှူးအိုင်ဗန်တိုနေးက ပရီးမီးယားလိဂ်ဆီပြန်လာဖို့ လမ်းဖွင့်ပေးထားတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့နှစ်၊ ဘရန့်ဖို့ဒ်မှထွက်ခွာလာပြီးနောက်ပိုင်း ဆော်ဒီပရိုလိဂ်မှာရော၊ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အကောင်းဆုံးခြေစွမ်းပြသပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။
နေရပ်ဖြစ်တဲ့ အင်္ဂလန်ဆီပြန်လာဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိ မေးမြန်းရာမှာတော့ တိုနီက Sky Sports ကို အခုလို ဖြေကြားခဲ့ပါတယ်။ "ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။
ဒါပေမဲ့ ဒီမှာ ကျွန်တော် အရင်ဆုံးအကောင်အထည်ဖော်ချင်တဲ့ ရည်မှန်းချက်တွေ ရှိပါသေးတယ်။ ကလပ်အသင်းကလည်း ကျွန်တော့်ကို ကာလရှည်စာချုပ်နဲ့ ခေါ်ယူထားတာပါ။
ကျွန်တော်ကိုယ်တိုင်လည်း အသင်းအတွက် ပြန်လည်ပေးဆပ်ချင်သလို ဆုဖလားတွေလည်း ရယူပေးချင်ပါတယ်။ ဘောလုံးလောကမှာရော လူ့ဘဝမှာပါ ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
လက်ရှိမှာတော့ ကျွန်တော် ဒီမှာ အဆင်ပြေနေပြီး ဒီအသင်းနဲ့အတူ ရှိနေရတာကိုလည်း သဘောကျပါတယ်။ ခြေစွမ်းပြနိုင်နေတယ်ဆိုတာ ကျွန်တော့်ရဲ့ ဂိုးသွင်းမှတ်တမ်းတွေက အလိုအလျောက် သက်သေပြနေပါတယ်။ အခုတော့ ကျွန်တော် ဒီမှာ အခြေကျနေပါပြီ။ ဘောလုံးကစားရတာလည်း ပျော်ရွှင်နေလို့ အရင်နေရာဟောင်းဆီ ဘာကြောင့်ပြန်သွားရမလဲဆိုတဲ့ အကြောင်းပြချက်ကို မတွေ့သေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။