ကမ္ဘာ့ဖလားမှာကစားခွင့်ရဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ဆိုလာတဲ့ တိုနေး
အိုင်ဗန်တိုနေးဟာ နောက်ထပ် လအနည်းငယ်အကြာမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်ဆီကို ဒီအပတ်ထဲမှာ သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။
ဘရန်ဖို့ဒ်တိုက်စစ်မှူးဟောင်း တိုနေးဟာ ဥရောပက ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမဲ့လည်း ၂၀၂၄ နွေရာသီမှာ ဥရောပကို စွန့်ခွာပြီး ဆော်ဒီပရိုလိဂ်က အယ်လ်အာလီအသင်းဆီ ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။
တိုနေးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၈ ဂိုးအထိ သွင်းယူထားပြီး အဲဒီထဲက ၂၀ ဂိုးကတော့ လိဂ်ပွဲစဉ်တွေမှာ သွင်းယူထားတာဖြစ်ပါတယ်။ သူဟာ ရွှေဖိနပ်ဆုအတွက် အယ်လ်နာဆာအသင်းရဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ အပြိုင်ဖြစ်နေပါတယ်။
အခုဆိုရင် ကမ္ဘာ့ဖလားနီးကပ်လာတာနဲ့အမျှ တိုနေးဟာ အိုလီဝတ်ကင်းစ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဟာရီကိန်းတို့လို ကစားသမားတွေနဲ့အတူ အသင်းမှာ နေရာတစ်နေရာရဖို့ ယှဉ်ပြိုင်နေရပြီး သူ့ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရနိုင်ခြေအပေါ် ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
"ကမ္ဘာ့ဖလားသွားရဖို့က ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားမှာ တစ်ခါမှ မကစားဖူးသေးပါဘူး။ ဒါဟာ လူတိုင်း မက်လေ့ရှိတဲ့ အိပ်မက်တစ်ခုပါ။ တကယ်လို့ ကျွန်တော်တို့သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် နိုင်ငံအတွက် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုတင်မြင်ယောင်ကြည့်မိပါတယ်။ တကယ်လို့ အဲဒါက လက်တွေ့ဖြစ်လာမယ်ဆိုရင်တော့ တကယ့်ကို ကောင်းချီးတစ်ခုပါပဲ။"
"အသင်းထဲမှာ တကယ့် ထိပ်တန်းကစားသမားတွေနဲ့ အင်္ဂလန်တိုက်စစ်မှူးကောင်းတွေ ရှိနေတာကြောင့် လူတိုင်းအတွက် အခွင့်အရေးရှိမယ်လို့ ထင်ပါတယ်။ လူတိုင်းကတော့ အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားကြမှာပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ တခြားသူတွေထက် အပူဒဏ်ကို ပိုပြီး ကျင့်သားရနေပြီလို့ ပြောလို့ရပါတယ်။ အပူဒဏ်ကြောင့် ကိုယ့်ရဲ့ ကစားဟန်ကို နည်းနည်းပြောင်းလဲရတာ ခက်ခဲပါတယ်။"
"အပူရှိန်ပြင်းတဲ့အခါ လူက အမောမြန်သွားတတ်တာကြောင့် ကွင်းထဲမှာ အရူးအမူး လျှောက်ပြေးနေလို့ မရပါဘူး။ ကိုယ်ပြေးမယ့် လမ်းကြောင်းတွေကို သေချာ ဗျူဟာကျကျ စဉ်းစားရပါမယ်။ ကျွန်တော့်အတွက်ကတော့ အထူးတလည် ညှိယူနေစရာ မလိုဘူးလို့ ထင်ပါတယ်။ ဒီမှာ ၃၀ ဒီဂရီကျော်တဲ့ အပူချိန်မှာ ကစားထားတာဆိုတော့ အသားကျနေပါပြီ။"
"ကျွန်တော် လုပ်နိုင်တာကတော့ ဂိုးတွေ ဆက်တိုက်သွင်းနေဖို့ပါပဲ။ အဲဒါမှ ကျွန်တော့်အတွက် အခွင့်အရေး အများဆုံး ရမှာပါ။ ဒါဟာ ကျွန်တော့်အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့်သူကိုပဲ နည်းပြက ရွေးချယ်မှာဖြစ်လို့ အဲဒီအပေါ်မှာ ကျွန်တော် လေးစားမှု ရှိပါတယ်" လို့ ဆိုပါတယ်။