The network connection is lost.

Banner Image

အံ့ဖွယ်ဖြစ်ရပ်တစ်ခုပေါ်ပေါက်မှသာ သူတို့အသင်းတန်းမဆင်းရဖို့ ဖြစ်လာနိုင်တယ်လို့ ဖွင့်ဟလာတဲ့ ဝုဗ်ဂိုးသမားဟိုဆေးဆာ

ဝုဗ်ဂိုးသမားဟိုဆေးဆာကတော့ သူ့တို့အသင်း ပရီးမီးယားလိဂ်မှာ ဆက်ရှိနေလိမ့်မယ်လို့ မယုံကြည်တော့ပါဘူး။ ဒါပေမဲ့ သူတို့အတွက် လက်ကျန်ရာသီဝက်မှာ ရည်မှန်းချက်တစ်ခုရှိနေပြီး ဒီရည်မှန်းချက်ကိုလည်း အသင်းဖော်တွေဆီ မျှဝေပေးထားတယ်လို့ ဆိုပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားက လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေရှိနေတဲ့ ဝုဗ်အသင်းရဲ့ခေါင်းဆောင်တွေအနက် တစ်ဦးလည်း ဖြစ်ပါတယ်။ DAZN Portugal နဲ့အင်တာဗျူးတစ်ခုမှာတော့ ပေါ်တိုနဲ့မာရီတီမိုဂိုးသမားဟောင်းက သူတို့အသင်းတန်းမဆင်းရဘဲ အန္တရာယ်ကြားမှလွတ်မြောက်လာလိမ့်မယ်ဆိုတာမျိုးကို မယုံကြည်ထားဘူးလို့ ပွင့်ပွင့်လင်းလင်းဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့တွေ လက်တွေ့ကျဖို့လိုအပ်သလို ယောက်ျားပီပီ ရင်ဆိုင်ရဲရပါတယ်။ အဲဒါကတော့ ကျွန်တော် ဒီနေရာမှာပြောချင်တဲ့အချက်ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း ယုံကြည်ထားတဲ့အရာပါ။ ဒီရာသီမှာ ဝုဗ်အသင်း တန်းဆင်းဇုန်လွတ်မြောက်ဖို့ဆိုတာ တကယ်ကိုခက်ခဲလွန်းပါတယ်။ ရမှတ်ကွာဟချက် အလွန်ကြီးမားလွန်းပြီး ကစားဖို့လည်း ၁၂ ပွဲပဲ ကျန်ပါတော့တယ်။ တကယ့်အံ့ဖွယ်ဖြစ်ရပ်တစ်ခုကသာ  ကျွန်တော်တို့ကို ကယ်တင်နိုင်ပါလိမ့်မယ်" လို့ သူက ဝန်ခံခဲ့ပါတယ်။

ဝုဗ်က လတ်တလောမှာ ပရီးမီးယားအမှတ်ပေးဇယားအောက်ဆုံးနေရာဆီ နိုင်ပွဲတစ်ပွဲ၊ ရမှတ်ကိုးမှတ်ဖြင့် ရောက်ရှိနေပြီး တန်းဆင်းဇုန်လွတ်မြောက်မယ့်နေရာနဲ့ ၁၈ မှတ်အထိ ကွာဟနေပါတယ်။ ဒါပေမဲ့လည်း ဝုဗ်ဂိုးသမားကတော့ ပြိုင်ပွဲသမိုင်းတလျှောက် အဆုံးရွားဆုံးအသင်းအဖြစ် မှတ်တမ်းမဝင်သွားအောင် ရမှတ်တွေ စုဆောင်းသွားချင်တယ်လို့ ဆိုပါတယ်။

"လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအသင်း မဖြစ်ဖို့ပါပဲ။ အဆိုးရွားဆုံးအသင်းက ၁၁ မှတ်နဲ့ ရာသီသိမ်းခဲ့တာပါ။ ကျွန်တော်တို့မှာက ၉ မှတ် ရှိနေပြီဖြစ်လို့ အဲဒီလိုဆိုးရွားတဲ့စံချိန်မျိုးနဲ့အဆုံးမသတ်ဖို့ဆိုတာ အခုလောလောဆယ် ကျွန်တော်တို့ရဲ့ရည်မှန်းချက် ဖြစ်ပါတယ်။ ဒီလိုသမိုင်းဝင်အနိမ့်ဆုံးစံချိန်ထဲမှာ ကျွန်တော်မပါဝင်ချင်ပါဘူး။ အဲဒီနောက်ပိုင်းကျမှပဲ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်သွားရပါမယ်" လို့ အသက် ၃၃ နှစ်အရွယ်ဂိုးသမားက ဆက်လက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ လက်တွေ့ကျရပါမယ်။ ကျွန်တော်တို့ရဲ့ လူအင်အားက ပရီးမီးယားလိဂ်အတွက်ဆိုရင် အားနည်းလွန်းနေပါတယ်" လို့ သူက ထပ်လောင်းဝန်ခံခဲ့ပါတယ်။

ဟိုဆေးဆာဟာ ဝုဗ်အသင်းဆီ ၂၀၂၁-၂၂ ရာသီမှာ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အခုရာသီ ၁၅ ပွဲအပါအဝင် စုစုပေါင်း ၁၆၁ ပွဲ ကစားပေးထားပါတယ်။