The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာလာမှုက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါလို့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်လူးဝစ်ဒီယက်ဇ် ပြော

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ၊ လီဗာပူးမှထွက်ခွာလာခြင်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်လူးဝစ်ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာလက်ရွေးစင် ကစားသမားက ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပထမဆုံးရာသီမှာတင် ခြေစွမ်းပြထားနိုင်ပါတယ်။

ဒီယက်ဇ်က Sky Deutschland ကို ပြောကြားရာမှာ " ကျွန်တော့်ကို ဘိုင်ယန်မြူးနစ်အသင်းကမ်းလှမ်းလာချိန်မှာ ဒီအပြောင်းအရွှေ့ကိုလုပ်ဖို့ဆိုတာ ပထမဆုံးအခိုက်အတန့်ကတည်းက သေချာခဲ့တာပါ။ ဒီကလပ်အသင်းအကြောင်းကို အကြာကြီးကတည်းက သိထားသလို အသင်းဆီမှ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကိုလည်း နားလည်ထားလို့ အရမ်းကို ဂုဏ်ယူမိပါတယ်" လို့ ဆိုပါတယ်။

"ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး အံ့ဩစရာကောင်းတဲ့ ထိပ်တန်းအသင်းတစ်ခုအတွက် ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ နေရာသစ်တစ်ခုဆီရောက်လာတဲ့အခါ အကောင်းဆုံးကြိုးစားပေးချင်တာ၊ ရာနှုန်းပြည့်ပေးဆပ်ချင်တာနဲ့ အသားကျဖို့ ကြိုးစားချင်တာက သဘာဝပါပဲ။ ကစားသမားတစ်ဦးနဲ့ သူ့မိသားစုအတွက် ပျော်ရွှင်မှုဆိုတာ အရေးကြီးဆုံးအရာပါ။ ဒီကိုလာခဲ့တာ တကယ့်ကို မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

"ကျွန်တော်က အရမ်းတောင့်တင်းတဲ့ကစားသမားအစုအဖွဲ့ဆီ ရောက်ရှိလာသလို အခြေခံအဆောက်အအုံနဲ့ လေ့ကျင့်ရေးပိုင်းတွေကလည်း ကမ္ဘာ့အဆင့်မီတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။ ဒါကို ကျွန်တော်လုံးဝသံသယမရှိပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အခက်ခဲဆုံးအပိုင်းကတော့ ဘာသာစကား အခက်အခဲပါပဲ၊ အခုထိလည်း အခက်အခဲရှိနေပါတယ်။"

"ဒါပေမဲ့ ဒီမှာ ကောင်းကောင်းအသားကျသွားမှာ ဖြစ်သလို လီဗာပူးမှာလုပ်ပေးခဲ့သလိုမျိုး အသင်းရဲ့ အောင်မြင်မှုအတွက် ကျွန်တော့်ဘက်မှ ပါဝင်အားဖြည့်ပေးနိုင်မယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဘိုင်ယန်မြူးနစ်က ကျွန်တော့်အပေါ် ယုံကြည်ခဲ့ကြသလို ကျွန်တော်ကလည်း အဲဒီယုံကြည်မှုကို ကွင်းထဲမှာ ခြေစွမ်းနဲ့ ပြန်လည်ပေးဆပ်ဖို့ ကြိုးစားနေပါတယ်" လို့ လူးဝစ်ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။