ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှု ရပ်တန့်နေခြင်းအပေါ် လိုင်မာတုံ့ပြန်ပြောကြား
ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေက လတ်တလောမှာ အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ လိုင်မာက အတည်ပြုပြောကြားလိုက်ပါတယ်။
ဂျာမနီသတင်းဌာန Bild ရဲ့ဖော်ပြချက်အရ လိုင်မာနဲ့ ဘိုင်ယန်မြူးနစ်တို့ကြား ၂၀၂၇ ခုနှစ်နောက်ပိုင်းအထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို လတ်တလောမှာ ရပ်တန့်ထားတယ်လို့ သိရပါတယ်။
ဘိုင်ယန်ရဲ့ကနဦးအဆိုပြုချက်က လိုင်မာမျှော်လင့်ထားသလို ဖြစ်မလာလို့ အခုလိုဆွေးနွေးမှုတွေ ရပ်တန့်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားက လက်ရှိမှာ အပိုဆုကြေးအပါအဝင် တစ်နှစ်လုပ်ခ ယူရို ရှစ်သန်းမှ ကိုးသန်းဝန်းကျင်အထိ ရရှိနေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး Sport Bild သတင်းဌာနဆီ လိုင်မာက အခုလို အကျဉ်းချုပ်ပြောပြခဲ့ပါတယ်။
"အခုလောလောဆယ်တော့ ဆွေးနွေးမှုတွေ သိပ်မရှိပါဘူး။ ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ။ ဒါကြောင့် အများကြီးလျှောက်တွေးမနေပါနဲ့" လို့ ၎င်းက ဆိုပါတယ်။
သြစတြီးယားလက်ရွေးစင်ကွင်းလယ်လူလိုင်မာဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၁၁၈ ပွဲအထိ ပါဝင်ကစားပေးထားကာ ၆ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားပါတယ်။