The network connection is lost.

Banner Image

အပြောင်းအရွှေ့ ကောလာဟလတွေရှိနေပေမယ့် ဒေါ့မွန်အတွက်ပဲ အာရုံစိုက်ထားကြောင်း တုံ့ပြန်ပြောကြားလာတဲ့ အဒီယဲမီ

ဘိုရုရှားဒေါ့မွန်တောင်ပံကစားသမား ကာရင်အဒီယဲမီက ကလပ်အသင်းမှာရှိမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေရာကနေ အခုအခါမှာတော့ စတင်ပြောကြားလာခဲ့ပါတယ်။

ဒေါ့မွန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းတွေကြောင့် အဒီယဲမီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မှန်းဆချက်တွေကလည်း ပိုမိုများပြားလာနေတာပါ။

ဝက်စ်ဖာလန်ကွင်းမှာ အဒီယဲမီရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ နွေရာသီမှာ ယူရိုသန်း ၆၀ နဲ့ ဒေါ့မွန်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို အခုအခါမှာ တုံ့ပြန်ပြောဆိုလာခဲ့တာပါ။

Ruhr Nachrichten နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက "ဘောလုံးလောကမှာ အရာအားလုံးက အရမ်းမြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ပါတယ်။ အရာအားလုံးက နောက်တစ်လ၊ နှစ်လအတွင်းမှာ ဒါမှမဟုတ် နောက်သီတင်းပတ်အနည်းငယ်အတွင်းမှာတောင် အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်က ကျွန်တော်တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ အသင်းရဲ့စဉ်းစားချက်တွေအပါအဝင် အချက်အလက်တွေအများကြီး ပါဝင်နေပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် "မီဒီယာတွေမှာ ခင်ဗျားတို့ဖတ်နေရတဲ့အရာတွေက အမြဲတမ်းတော့ မှန်ကန်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ဒီမှာပဲရှိပါတယ်။ ဒီမှာနေရတာ အဆင်မပြေဘူးဆိုတာမျိုးလည်း ကျွန်တော် တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ ပန်းတိုင်ကတော့ အမြဲတမ်း ထိပ်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ တခြားအသင်းတွေအကြောင်းကိုတော့ ကျွန်တော် ဘာမှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး" လို့လည်း အဒီယဲမီက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်စရာရှိတာတွေကို လုပ်ဆောင်နေပါတယ်။ အဆုံးသတ်မှာ အားလုံးကောင်းမွန်သွားမယ်ဆိုရင်တော့ ဒါဟာ အရမ်းကောင်းတာပေါ့။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်၊ အကောင်းဆုံးကစားရမယ်၊ ပွဲတွေကို အနိုင်ရအောင် ကစားရမယ်၊ အဲဒီနောက်မှာမှ ကျွန်တော်တို့ ဘယ်အဆင့်ကို ရောက်မလဲဆိုတာ သိရပါလိမ့်မယ်။ ကျွန်တော့်မှာ ရှင်းလင်းတဲ့ ပန်းတိုင်တစ်ခုရှိပါတယ်။ ဒီမှာ ဆက်ကစားနေသရွေ့လည်း အဲဒီပန်းတိုင်အကြောင်းကို နှစ်တိုင်း ထပ်ပြီး ပြောနေဦးမှာပါ" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။