The network connection is lost.

Banner Image

အီတလီစီးရီးအေမှာ နည်းပြအဖြစ် တာဝန်ယူချင်တယ်လို့ ဘရာဇီးလက်ထောက်နည်းပြ အန်ဆယ်လော့တီဂျူနီယာ ဖွင့်ဟ

ဘရာဇီးလက်ထောက်နည်းပြ ဒေးဗစ်အန်ဆယ်လော့တီက သူဟာ အီတလီနိုင်ငံမှာ အလုပ်လုပ်ကိုင်ချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဝါရင့်နည်းပြကြီး ကာလိုအန်ဆယ်လော့တီရဲ့ သားဖြစ်သူ ဒေးဗစ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ဘရာဇီးအသင်းဆီ သူ့ဖခင်နဲ့အတူ လိုက်ပါလာပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ သူဟာ ဘိုတာဖိုဂိုအသင်းကို ခြောက်လကြာ တာဝန်ယူကိုင်တွယ်ခဲ့ပါသေးတယ်။

အန်ဆယ်လော့တီက Sky Italia ကို ပြောကြားရာမှာ "အစီအစဉ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘရာဇီးအသင်းမှာ ဖခင်ဖြစ်သူရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ပြီးရင် နည်းပြချုပ်အဖြစ် ပြန်လည်လုပ်ကိုင်ဖို့ပါပဲ၊ အခုလောလောဆယ်တော့ ဒီတာဝန်ကိုပဲ အာရုံစိုက်ထားပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော် နည်းပြဘဝကို စတင်ချင်ပါတယ်။ ဘိုတာဖိုဂိုမှာ ခြောက်လလောက် အချိန်ကုန်ဆုံးခဲ့တာက အတွေ့အကြုံကောင်းတစ်ခုဖြစ်သလို ခက်ခဲတဲ့စိန်ခေါ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုပါ လီဘာတေးဒိုးရက်စ် ပြိုင်ပွဲဝင်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် "ဘယ်နိုင်ငံမှာမဆို သွားရောက်လုပ်ကိုင်ဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့်ဖခင်နဲ့အတူ နေရာအတော်များများကို လှည့်လည်သွားလာခဲ့ဖူးတာကြောင့် တခြားနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ ဘာပြဿနာမှ မရှိပါဘူး" လို့လည်း ဆိုပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ အီတလီကို ပြန်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ "ဟုတ်ပါတယ်။ အီတလီစကားကို အမြဲတမ်းလိုလို ပြောချင်တာပါ။ အီတလီဘာသာစကားနဲ့ အင်တာဗျူးမဖြေဖြစ်တာတောင် နှစ်အတော်ကြာပါပြီ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်ဟာ ကိုယ့်နိုင်ငံမှာပဲ ဘောလုံးကစားရင်း ကြီးပြင်းလာခဲ့သလို အေစီမီလန်အသင်းမှာ ကျွန်တော့်အဖေ နည်းပြလုပ်နေတာကို ကြည့်ပြီး ကြီးပြင်းခဲ့ရတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ နည်းပြသက်တမ်းကို အီတလီမှာပဲ ဖြတ်သန်းချင်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။