The network connection is lost.

Banner Image

လီဗာပူးပြီးရင် ရီးရဲလ်မက်ဒရစ်ဆိုတာ နောက်ထပ်ခြေလှမ်းသစ်အဖြစ် အမြဲတမ်းရှိခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်က ကြာသပတေးနေ့၊ လေ့ကျင့်ရေးကွင်းမှာ သတင်းမီဒီယာတွေဆီ ကစားသမားသစ်အာနိုးလ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အာနိုးလ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အခုနွေရာသီအတွက် ကလပ်အသင်းရဲ့ဒုတိယမြောက် ကစားသမားသစ်ခေါ်ယူမှုဖြစ်ပြီး လာမယ့်ရာသီမှာ ကျောနံပါတ်-၁၂ ကို ဝတ်ဆင်သွားပါလိမ့်မယ်။

သတင်းစာရှင်းလင်းပွဲအတွင်း အာနိုးလ်က “ လီဗာပူးမှထွက်ခွာဖြစ်မယ်ဆိုရင် နောက်ထပ်ကလပ်အသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်လာလိမ့်မယ်ဆိုတာ အရင်ကတည်းက သိရှိထားခဲ့ပါတယ်”လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ကမ်းလှမ်းမှုကို ကစားသမားကိုယ်တိုင်ပယ်ချပြီးနောက် ရီးရဲလ်မက်ဒရစ်က အာနိုးလ်အတွက် စာချုပ်သက်တမ်းမပြည့်ခင် တစ်လအလိုမှာပဲ လီဗာပူးဆီ ယူရို ၁၀ သန်းပေးချေကာ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

သူက “လီဗာပူးနဲ့အတူ အချိန်အကြာကြီးရှိခဲ့ရလို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ရချိန် လွယ်လွယ်ကူကူရှိနေခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့စိတ်ထဲမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ပြီဆိုတဲ့ အတွေးမျိုးပဲ ရှိပါတယ်”လို့ ပြောပါတယ်။

နောက်ခံလူက အခုအပြောင်းအရွှေ့အတွက် လက်ရွေးစင်အသင်းဖော်ဘယ်လင်ဟမ်နဲ့လည်း တိုင်ပင်ခဲ့တယ်လို့ ဝန်ခံပါတယ်။ အာနိုးလ်က “ ဟုတ်ပါတယ်၊ ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ပါတယ်။ ဒါက ကိုယ့်ရဲ့သူငယ်ချင်းတစ်ဦးနဲ့ အပြန်အလှန်စကားပြောဆိုမှုမျိုး ဖြစ်ပါတယ်။ အမှန်ပါပဲ၊ ဒီပြောဆိုမှုတွေက ဘယ်လိုဖြစ်မလဲဆိုတာ ခင်ဗျားလည်း သိချင်နေပါလိမ့်မယ်။ လက်ရွေးစင်အသင်းမှာ ရီးရဲလ်မက်ဒရစ်အကြောင်းသိတဲ့ တစ်ဦးတည်းသောကစားသမားက ဘယ်လင်ဟမ်ပါပဲ။ လူတိုင်းလည်း မေးခွန်းတွေ မေးခဲ့ဖူးပါတယ်။

ဒါက ကျွန်တော့်အတွက် အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် သင့်လျော်တဲ့အချိန်တစ်ခုလို့ ယူဆမိသလို အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်က လာမယ့်ဇွန် ၁၈ ရက်မှာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်ကစားရင်း အမေရိကန်မြေ၊ ကလပ်ကမ္ဘာ့ဖလားခရီးစဉ်ကို စတင်သွားပါမယ်။