
တန်ဟက်နေရာမှာ ဒိန်းမတ်လက်ရွေးစင်နည်းပြဟောင်း ယူးလ်မန်ကို အစားထိုးခန့်အပ်လိုက်တဲ့ လေဗာကူဆင်
လေဗာကူဆင်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီးနောက် ယခုအခါမှာတော့ ဒိန်းမတ်လက်ရွေးစင်နည်းပြဟောင်း ကတ်စ်ပါယူးလ်မန်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ကြောင်း အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဆဲလ်တစ်နဲ့ တော့တင်ဟမ်နည်းပြဟောင်း အန်ဂျီပိုစတီကိုဂလူကို စိတ်ဝင်ကြောင်း ပြသခဲ့ပေမယ့် ယခုအခါမှာတော့ ယူးလ်မန်ကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း လေဗာကူဆင်ကို ၂ ပွဲသာကိုင်တွယ်ခဲ့ရပြီးနောက် ရာထူးကနေထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
အေဂျက်စ်နဲ့မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဇာဘီအလွန်ဆိုရဲ့နေရာမှာ ဆက်ခံခဲ့တာဖြစ်ပေမယ့် မျှော်လင့်ထားတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် လေဗာကူဆင်ဘက်က နယ်သာလန်သားကို စောစောစီးစီးပဲရာထူးမှထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ လေဗာကူဆင်က ကတ်စ်ပါယူးလ်မန်ကို အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း "ကတ်စ်ပါယူးလ်မန်ကို လေဗာကူဆင်နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အသင်းကနေ နွေးနွေးထွေးထွေးကြိုဆိုပါတယ်" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူးလ်မန်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းကို ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ၄ နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်ကိုလည်း ၂၀၁၄-၁၅ ဘောလုံးရာသီအတွင်း ၆ လကြာကိုင်တွယ်ခဲ့ဖူးတာကြောင့် ဂျာမန်မြေက သူ့အတွက်တော့ အစိမ်းသက်သက်နယ်မြေမဟုတ်ပါဘူး။
လေဗာကူဆင်ဘက်ကတော့ ယူးလ်မန်ဟာ အသင်းအတွက် စစ်မှန်တဲ့နည်းပြဖြစ်ပြီး တိုးတက်မှုတွေ ပြသနိုင်မယ်လို့ ယုံကြည်ကြောင်းထုတ်ပြန်ထားပါတယ်။နိုင်ငံတကာပွဲစဉ်တွေအပြီး လာမယ့် စနေနေ့မှာတော့ လေဗာကူဆင်ဟာ ဖရန့်ဖတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒိန်းမတ်နည်းပြဟောင်းအနေနဲ့ ပွဲဦးထွက်မှာ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။