The network connection is lost.

Banner Image

ဆော်ဒီကလပ်အယ်လ်ကွတ်စီယာရဲ့နည်းပြသစ်ဖြစ်လာတဲ့ လီဗာပူးပဲ့ကိုင်ရှင်ဟောင်း ဘရန်ဒန်ရော်ဂျာ

ဆော်ဒီပရိုလိဂ်ကလပ်အသင်း အယ်လ်ကွတ်စီယာက အာရှတိုက်ရဲ့ထိပ်တန်းကလပ်အသင်းတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားရှိမှုနဲ့အတူ လီဗာပူးနဲ့ ဆဲလ်တစ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက်-၅၂ နှစ်အရွယ် မြောက်အိုင်ယာလန်လူမျိုးနည်းပြက အရှေ့အလယ်ပိုင်းဒေသဆီ အတွေ့အကြုံကောင်းများစွာဖြင့် ရောက်ရှိလာပါလိမ့်မယ်။ သူက လီဗာပူး၊ လက်စတာ၊ ဆဲလ်တစ်တို့လို အသင်းကောင်းတွေကို ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၃၀၀ ကျော် ကြီးကြပ်ခဲ့ဖူးကာ ဘောလုံးပိုင်ဆိုင်မှုအသာပေးတိုက်စစ်အားပြုကစားဟန်ကြောင့် အမည်ကောင်းရရှိထားပါတယ်။

အယ်လ်ကွတ်စီယာအသင်းစီအီးအိုဂျိမ်းဘစ်ဂရိုဗ်က “ ဒါဟာ ကလပ်အသင်းအတွက် အရေးပါတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ဘရန်ဒန်ရော်ဂျာရဲ့အတွေ့အကြုံနဲ့ မှတ်တမ်းကောင်းတွေက ကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ ရေရှည်မျှော်မှန်းချက်ကို ထင်ဟပ်စေပါတယ်”လို့ ပြောပါတယ်။

ရော်ဂျာက လီဗာပူးကို ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာ ရရှိအောင် ဦးဆောင်ပေးခဲ့သလို ၂၀၂၁ ခုနှစ်မှာလည်း လက်စတာနဲ့အတူ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် အက်ဖ်အေဖလားချန်ပီယံအောင်ပွဲဆီ ချီတက်နိုင်ခဲ့သလို ဆဲလ်တစ်နည်းပြဘဝသက်တမ်းနှစ်ကြိမ်အတွင်း ဆုဖလား ၁၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက အမှတ်ပေးချန်ပီယံဆုနှစ်ကြိမ်ဆက်ရယူပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စကော့တလန်ချန်ပီယံတွေဆီမှ ထွက်ခွာလာခဲ့ပါတယ်။

အယ်လ်ကွတ်စီယာအားကစားဒါရိုက်တာကားလို့စ်အန်တွန်ကလည်း “ ရော်ဂျာရဲ့အတွေးအခေါ်တွေဟာ ကျွန်တော်တို့အသင်းရဲ့ဗျူဟာပိုင်းနဲ့ အလွန်ကိုက်ညီမှုရှိပါတယ်။ သူက အောင်မြင်မှုကိုဆာလောင်နေပြီး အရည်အသွေးအပြည့်ရှိတဲ့ အသင်းတစ်ခုကို အမွေဆက်ခံရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။ အားကစားဆိုင်ရာစီမံကိန်းမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေတဲ့ အယ်လ်ကွတ်စီယာက ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။