
ကစားသမားဘဝနှောင်းပိုင်းအချိန်ကာလကို ဘယ်လိုပုံစံနဲ့ဖြတ်သန်းမလဲဆိုတာ ထုတ်ပြောလာတဲ့ ဗန်ဒိုက်
လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ကစားသမားဘဝကို နယ်သာလန်ပြည်တွင်းလိဂ်ဆီ ပြန်သွားကာ အဆုံးသတ်မှာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပြောကြားခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဗန်ဒိုက်က ဒတ်ချ်ထိပ်တန်းလိဂ်ကလပ် ဂရိုနင်ဂျင်မှာ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးမှာခုနစ်နှစ်ကြာဖြတ်သန်းလာခဲ့ပြီးဖြစ်တဲ့ အသက်-၃၃ နှစ်အရွယ်နောက်ခံလူက ကစားသမားဘဝအနားမယူခင် ဒတ်ချ်လိဂ်ဆီ ပြန်သွားမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။
Votebal International နဲ့တွေ့ဆုံချိန် သူက “ နယ်သာလန်ဆီပြန်သွားမှာမဟုတ်ဘူးဆိုတဲ့အကြံအစည်မျိုး ကျွန်တော့်မှာ ရှင်းရှင်းလင်းလင်းပဲ ရှိနေပါတယ်။ ကျွန်တော်က ဒတ်ချ်လိဂ်မှာ ကစားသမားဘဝစတင်ခဲ့ပြီး ဒီလိဂ်ဟာ ကျွန်တော့်အတွက် အလွန်အရေးကြီးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဒတ်ချ်လိဂ်ဆီ ပြန်မသွားချင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းရှိနေပါတယ်။ ကျွန်တော့်ရဲ့အသက်မွေးဝမ်းကြောင်းပုံစံကို အလွန်ဂုဏ်ယူမိပြီး ဒတ်ချ်လိဂ်မှာကစားသမားဘဝအဆုံးသတ်ဖို့ဆိုတာ ကျွန်တော့်အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ဘူးလို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ဗန်ဒိုက်က လီဗာပူးမှထွက်ခွာရနိုင်တဲ့ဖြစ်နိုင်ချေကောလာဟလတွေကို ပယ်ဖျက်ရင်း ၂၀၂၇ ခုနှစ်အထိ အန်ဖီးလ်မှာရှိနေမယ့် နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆဲလ်တစ်၊ ဆောက်သမ်တန်၊ လီဗာပူးတို့နဲ့အတူတောက်ပခဲ့ဖူးတဲ့ နောက်ခံလူက နယ်သာလန်ပြည်တွင်းလိဂ်ဆီ ပြန်သွားဖို့ထက် တက်နိုင်သမျှအမြင့်ဆုံးအဆင့်အတန်းမှာသာ ကြိုးစားကစားသွားဖို့ အာရုံစိုက်နေပုံရပါတယ်။ ဒါကြောင့် မာဆေးဆိုဒ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန် သူဘာတွေလုပ်သွားမလဲဆိုတာကို စောင့်ကြည့်သွားဖို့ပဲ ကျန်ပါတော့တယ်။
အခုရာသီ၊ လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းတလျှောက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ဗန်ဒိုက်က သူ့ရဲ့နွေရာသီအားလပ်ရက်ကာလကို မခံစားခင် ဒီည၊ မော်လ်တာနဲ့ရင်ဆိုင်ရမယ့် နယ်သာလန်ရဲ့ ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပါဝင်ကစားပေးပါလိမ့်မယ်။