The network connection is lost.

Banner Image

လီဗာပူးကစားသမားဘဝအနာဂတ်အကြောင်း ဖွင့်ဟလာတဲ့ ရော်ဘတ်ဆန်

လီဗာပူးအသင်းရဲ့ ဝါရင့်ဘယ်အစွန်နောက်ခံလူ အန်ဒီရော်ဘတ်ဆန်က သူ့နေရာမှာ မီလော့စ်ကာကက်ဇ်နဲ့ အစားထိုးနိုင်တယ်ဆိုတဲ့ထင်ကြေးတွေ ပျံ့နှံ့နေချိန်မှာပဲ အနာဂတ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဖွင့်ဟလာခဲ့ပါတယ်။

စကော့တလန်လက်ရွေးစင်က သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်၊ လာမယ့်နွေရာသီကာလမတိုင်ခင် ကလပ်အသင်းနဲ့အတူ ဆွေးနွေးပြီးပြီလို့ အတည်ပြုခဲ့ပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသက်-၃၂ နှစ်အထိရှိလာမယ့် သူ့ကို ကလပ်အသင်းဘက်မှ ငွေရေးကြေးရေးအရ ဆွဲဆောင်မှုရှိတဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းပါ့မလားဆိုပြီး သံသယတွေလည်း ထွက်ပေါ်နေပါတယ်။ 

အသင်းလူစာရင်းအင်အားတောင့်တင်းစေဖို့ ဘုန်းမောက်ကြယ်ပွင့်မီလော့စ်ကာကက်ဇ်အတွက် လီဗာပူးရဲ့စိတ်ဝင်စားမှုတွေက စကော့တလန်သား ဆက်ရှိရှိ၊ မရှိရှိ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာပါလိမ့်မယ်။ ရော်ဘတ်ဆန်က “ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီးပါပြီ။ အမှန်ပါပဲ၊ ဆွေးနွေးခဲ့ပြီးပါပြီ။ ကလပ်အသင်းနဲ့ ကျွန်တော့်အကြား ကောင်းမွန်တဲ့ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ အခုကျွန်တော်ပြောပြနိုင်တဲ့အရာက အားလပ်ရက်ခရီး ထွက်ခွာနေတယ်ဆိုတာပါပဲ။ ဒါကို ကျွန်တော် အရမ်းလိုအပ်နေခဲ့ပါတယ်။ ဘောလုံးရာသီရှည်တစ်ခုအပြီး ကျွန်တော် အနားယူဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ရာသီကြိုအတွက် ကျွန်တော် ဆက်သွားပါမယ်။

လက်ရှိအခြေအနေနဲ့ စာချုပ်သက်တမ်းတစ်နှစ်ပဲ ကျန်တဲ့ကိစ္စကို ကျွန်တော် သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိပေမယ့် ကျွန်တော့်ရဲ့လတ်တလောအာရုံစိုက်မှုက လာမယ့်နှစ်ပတ်အတွင်း ဖခင်တစ်ဦး ထပ်ဖြစ်လာဖို့နဲ့ ဒီအခိုက်အတန့်ကို ရင်သွေးတွေနဲ့အတူ ဖြတ်သန်းဖို့ပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖြစ်နိုင်သမျှအကောင်းဆုံးပုံစံနဲ့ ရာသီကြိုကာလအတွက် ကျွန်တော် ပြန်လာပါမယ်။ ဒါပြီးရင် အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားပါမယ်”လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်နှစ်ကြိမ်ဆုရှင်အတွက် ရရှိထားတဲ့အားလပ်ရက်အခိုက်အတန့်မှာ ကောလာဟလတွေမှ ရုန်းထွက်ပြီး သက်သောင့်သက်သာအနားယူလိုတဲ့ဆန္ဒကိုတော့ နားလည်ပေးနိုင်ပါတယ်။ ပရီးမီးယားလိဂ်ဝါရင့်ကစားသမားက ယမန်နှစ်ဘောလုံးရာသီ၊ အန်းစလော့အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ ကလပ်အသင်းအတွက် စုစုပေါင်း ပွဲ ၃၄၀ ကျော် ပါဝင်ကစားပေးထားပါတယ်။ ဒါကြောင့် ရော်ဘတ်ဆန်က ဗြိတိန်ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးနောက်ခံအစွန်လူတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။

ဘုန်းမောက်လေ့ကျင့်ရေးကွင်းအတွင်းပိုင်းသတင်းတွေအရ ကာကက်ဇ်ရဲ့လီဗာပူးဆီပြောင်းရွှေ့မှုက သေချာပေါက်ဖြစ်လာဖို့ရှိနေပြီး လီဗာပူးရဲ့ချန်ပီယံဆုကာကွယ်နိုင်ရေးခရီးလမ်းမှာ ရော်ဘတ်ဆန်အပေါ် ဖိအားတွေ မြင့်တက်စေလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ စကော့တလန်အသင်းခေါင်းဆောင်ကလည်း အသင်းမှာပဲဆက်ရှိနေဖို့ ရွေးချယ်ကာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားဖွယ် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရော်ဘတ်ဆန်ရဲ့လတ်တလောမှတ်ချက်တွေအရ သူ့ရဲ့အနာဂတ် ဘယ်လိုဖြစ်သွားမလဲဆိုတာ သိရဖို့ သီတင်းပတ်အနည်းငယ်လောက်သာ စောင့်ဆိုင်းရပါလိမ့်မယ်။