
နယူးကာဆယ်မှာ ကျောနံပါတ် ၂၀ ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ အီလန်ဂါ
နယူးကာဆယ်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီ အီလန်ဂါဟာ ဒီရာသီမှာ ကျောနံပါတ် ၂၀ ကို ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းတွေထဲမှာ ဒီယေဂို ဂျိုတာကို ဂုဏ်ပြုချင်တဲ့စိတ်လည်း ပါဝင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဗာပူးတိုက်စစ်မှူး ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗားတို့ဟာ စပိန်မှာ ကားမတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အီလန်ဂါဟာ ဂျိုတာကို ကိုယ်တိုင်ကိုယ်ကျ မသိခဲ့ပေမယ့် ပေါ်တူဂီသားကို ဂုဏ်ပြုလိုတဲ့ ဆန္ဒရှိခဲ့ပါတယ်။ ‘ဒါက ဝမ်းနည်းစရာပါ။ သူက အံ့မခန်းဘောလုံးသမားတစ်ယောက်ပါ။ အံ့မခန်းကောင်းမွန်တဲ့ လူတစ်ယောက်လို့လည်း ကျွန်တော် ကြားခဲ့ရပါတယ်။ ဒါဟာ ဘောလုံးလောကအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါ’
‘အဲဒီနံပါတ်က လွတ်နေတာကို ကျွန်တော် မြင်ခဲ့ပါတယ်။ ဂျိုတာကိုလည်း သတိရမိခဲ့ပါတယ်။ သူ့အတွက် ဒီလိုဖြစ်ခဲ့တာကို ထည့်သွင်းစဉ်းစားလိုက်တဲ့အခါ အဲဒီနံပါတ်က ပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်’ လို့ အီလန်ဂါက Expressen သို့ ပြောကြားခဲ့ပါတယ်။
နော့တင်ဟမ် ဖောရက်စ်ကနေ နယူးကာဆယ်အသင်းဆီ ဒီနွေရာသီမှာ ရောက်ရှိလာခဲ့တဲ့ အီလန်ဂါက ‘ဒီရာသီမှာ ဒီနံပါတ်နဲ့အတူ ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေ ပြုလုပ်သွားပြီး သူ့ကိုလည်း ဂုဏ်ယူစေချင်ပါတယ်’လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။