The network connection is lost.

Banner Image

ဂျိုတာလည်း ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်လို့ ပြောဆိုကာ ဂုဏ်ပြုလိုက်တဲ့ ရော်ဘတ်တိုမာတီနက်ဇ်

ရော်ဘတ်တိုမာတီနက်ဇ်က ကွယ်လွန်သူလီဗာပူးတိုက်စစ်မှူးဂျိုတာအပေါ် ဂုဏ်ပြုမှုအဖြစ် စီရော်နယ်ဒိုရဲ့ ပွဲချိန် ၂၁ မိနစ်သွင်းဂိုးကို အမှတ်အသားလက္ခဏာတစ်ရပ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျိုတာနဲ့ အန်ဒရေဆေးလ်ဗားတို့ ကွယ်လွန်ပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီက အာမေနီးယားကို ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းက ဇူလိုင် ၃ ရက်၊ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်တစ်ခုမှာ ကွယ်လွန်သွားပြီး ဘောလုံးကမ္ဘာတစ်ခုလုံးအတွက် မယုံကြည်နိုင်စရာကိစ္စရပ် ဖြစ်လာခဲ့ပါတယ်။ အာမေနီးယားနဲ့ပွဲစဉ်မတိုင်ခင်မှာလည်း ဂျိုတာရဲ့အသင်းဖော်ဟောင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက တိုက်စစ်မှူးအတွက် ဂုဏ်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် ဂျိုတာရဲ့ လက်ရွေးစင်အသင်းဖော်ဖြစ်သလို ဝုဗ်မှာလည်း တွဲဖက်ကစားခဲ့ဖူးတဲ့ ရူဘင်နီဗက်စ်က ကွယ်လွန်သူအမြဲဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်-၂၁ ဂျာစီကို ဝတ်ဆင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန် ၂၁ မိနစ်မှာတော့ စီရော်နယ်ဒိုက ပေါ်တူဂီအတွက် အဖွင့်ဂိုးသွင်းယူပေးပြီး ရော်ဘတ်တိုမာတီနက်ဇ်အတွက် အတွေးပွားစရာကိစ္စတွေ ပေးလာခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ စိတ်လှုပ်ရှားနေတဲ့ မာတီနက်ဇ်က ဂျိုတာအပေါ် ဂုဏ်ပြုပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ သူ့အသင်းကို ချီးကျူးခဲ့ပါတယ်။
ပေါ်တူဂီအသင်းနည်းပြက “ ကျွန်တော်တို့နဲ့အတူ ဂျိုတာ ရှိနေပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ ဂိုးသွင်းယူနိုင်တယ်ဆိုတာ ထူးခြားပါတယ်။ ကျွန်တော်တို့ရဲ့ခရီးလမ်းကို ဆက်လျှောက်လှမ်းနေပါတယ်။ တိုက်ဆိုင်မှုတွေအပေါ်မှာ ကျွန်တော်ကတော့ တကယ်ယုံကြည်ပါတယ်။ ဂျိုတာရဲ့စိတ်ဝိဉာည်က ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ ဂိုးသွင်းယူနိုင်မှုက အမှတ်အသားတစ်ခုပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း စခန်းသွင်းလေ့ကျင့်မှုစတင်လာချိန်ကတည်းက ဂျိုတာရှိနေသလို ခံစားရပြီး သူ့ရဲ့လှုံဆော်မှုနဲ့ခွန်အားတွေကိုလည်း ခံစားမိခဲ့ပါတယ်”လို့ ပြောပါတယ်။