The network connection is lost.

Banner Image

အန်တိုနီကိုခေါ်ယူနိုင်ဖို့က ယူနိုက်တက်အပေါ်မှာပဲမူတည်နေတယ်လို့ဆိုလာတဲ့ ပယ်လီဂရီနီ

ရီးရဲလ်ဘက်တစ်နည်းပြ မန်နူရယ်ပယ်လီဂရီနီက အသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် အန်တိုနီကိုခေါ်ယူဖို့ ဆန္ဒရှိပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက်တော့ ကစားသမားကိုပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အပေါ်မှာပဲမူတည်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ရာသီကုန်မှာတော့ ဘရာဇီးသားဟာ ဘက်တစ်သို့အပြီးသတ်ပြောင်းရွှေ့လိုနေသလို၊ ဘက်တစ်ကလည်း ကစားသမားကိုခေါ်ယူလိုပေမယ့် ယူနိုက်တက်ကတော့ ယူရိုသန်း ၁၀၀ ကစားသမားကို ဈေးပေါပေါနဲ့ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။ 

ဒါကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ခက်ခဲနေပေမယ့် ယခုအခါမှာပယ်လီဂရီနီက အပြောင်းအရွှေ့ဟာ ယူနိုက်တက်အပေါ်မှာပဲမူတည်နေကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ်။ ပယ်လီဂရီနီက "ကျွန်တော် အန်တိုနီနဲ့စကားမပြောရသေးပါဘူး။ ကျွန်တော်တို့သူနဲ့လက်တွဲခဲ့တဲ့ ၆ လအတွင်း အရမ်းအဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို ပြန်လာစေချင်သလို၊ သူကလည်း အသင်းကိုပြန်လာချင်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ဖြစ်လာဖို့ကတော့ ယူနိုက်တက်အပေါ်မှာပဲမူတည်နေပြီး သူတို့ဆန္ဒအတိုင်းပဲလုပ်သွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

အန်တိုနီဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ကစားသမားကိုခေါ်ယူဖို့ ယူနိုက်တက်ဟာ ယူရိုသန်း ၁၀၀ အထိအကုန်ကျခံထားခဲ့ရတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလက လာမယ့်စက်တင်ဘာလ ၁ ရက်နေ့မှာပိတ်သိမ်းမှာဖြစ်ပေမယ့် အန်တိုနီအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘက်တစ်သို့ပြောင်းရွှေ့သွားနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက ဘက်တစ်အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမယ့် လောလောဆယ် ယူနိုက်တက်မှာတော့ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေရပါတယ်။ ကစားသမားဟာ နည်းပြရူဘင်အာမိုရင်ရဲ့အစီအစဉ်တွေမှာမပါဝင်တာကြောင့် ယူနိုက်တက်မှာလည်း ကစားခွင့်ရဖို့လည်း အလားအလာမရှိပါဘူး။