
ဝေဖန်ခံနေရတဲ့ ဖလော်ရီယန်ဝစ်ဇ်အပေါ် အပြည့်အဝအားပေးထောက်ခံခဲ့တဲ့ အန်းစလော့နဲ့ ဗန်ဒိုက်
လီဗာပူးနည်းပြအန်းစလော့နဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်က အန်ဖီးလ်မှာ အထနှေးနေမှုအတွက် ဝေဖန်ခံနေရတဲ့ ဖလော်ရီယန်ဝစ်ဇ်ကို ကာကွယ်ပေးဖို့ ရောက်ရှိလာခဲ့ပါတယ်။ အခုနွေရာသီ၊ လေဗာကူဆင်မှ ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းဖြင့်ရောက်ရှိလာတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားက အခုရာသီ၊ ပရီးမီးယားလိဂ်ခုနစ်ပွဲနဲ့ ချန်ပီယံလိဂ်နှစ်ပွဲ ပါဝင်ကစားထားပေမဲ့ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်ထားနိုင်ပါဘူး။
မနက်ဖြန်(တနင်္ဂနွေနေ့)၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာပဲ အန်းစလော့နဲ့ ဗန်ဒိုက်က ဖလော်ရီယန်ဝစ်ဇ်ကို စိတ်ရှည်သည်းခံဖို့ တိုက်တွန်းခဲ့ပြီး လိုက်လျောညီထွေမှုရှိအောင် အချိန်ယူရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ငွေကြေးပမာဏအများကြီးနဲ့ပြောင်းရွှေ့လာပြီးရင် လူတွေက ဂိုးတွေဘယ်လောက်သွင်းနိုင်ပြီလဲဆိုတာကိုပဲ ကြည့်ချင်ကြပါတယ်။ ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ဂိုးဖန်တီးပေးမှု ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက် ရှိနေပြီလို့ ကျွန်တော်ပြောချင်ပါတယ်။ သူ ကံမကောင်းခဲ့ရုံလေးပါ။ ဘောလုံးပေးပို့မှုရှိပေမဲ့ အဆုံးသတ်ကန်သွင်းမှုက မလိုက်ပါလာခဲ့ပါဘူး။ လိဂ်ပြိုင်ပွဲအသစ်တစ်ခုဆီ ရောက်ရှိလာတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားအတွက် သာမန်အခြေအနေပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က ဒီဘရိုင်းရဲ့အင်္ဂလန်မြေကစားသမားဘဝအစောပိုင်းကာလတွေကို ရည်ညွှန်းရင်း “ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးတောင် အချိန်အတိုင်းအတာတစ်ခု လိုအပ်ခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်အတွက် ပွဲကစားချိန်တွေရရှိဖို့ လိုအပ်ပါတယ်။ သူလည်း ပွဲတွေမှာ ပါဝင်ကစားရပါလိမ့်မယ်။ ပွဲတွေပိုကစားလာနိုင်တာနဲ့အမျှ သူ့ရဲ့အကောင်းဆုံးပုံစံကို အမြန်ဆုံးမြင်တွေ့ရပါလိမ့်မယ်”လို့ ဆိုပါတယ်။
အလားတူ ဗန်ဒိုက်ကလည်း ထိပ်တန်းအပြောင်းအရွှေ့တွေရဲ့ လူသားဆန်မှုကို အလေးပေးကာ နည်းပြရဲ့ ခံစားချက်ကို ပဲ့တင်ထပ်ခဲ့ပါတယ်။ နယ်သာလန်ကစားသမားက “ ပိုက်ဆံတွေ အများကြီးဝင်လာပြီရင် ကိုယ့်ရဲ့အိမ်၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ အသားတကျရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘောလုံးမှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ချိန်ညှိနိုင်ဖို့အတွက် အချိန်လိုအပ်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးက မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် နောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အကောင်းဆုံးပြန်လည်တုံ့ပြန်ကြဖို့ အသင်းကစားသမားတွေဆီ အန်းစလော့က တောင်းဆိုခဲ့ပါတယ်။ပြင်ပဆူညံသံတွေရှိပေမဲ့ ကလပ်အသင်းဦးဆောင်သူတွေကတော့ သူတို့ရဲ့စံချိန်တင်ပြောင်းရွှေ့ရှင်ကို ကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီး စိတ်ရှည်သည်းခံခြင်းသာ ကစားသမားအတွက် အလားအလာကောင်းတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။