
ကာလာဖီအိုရီကိုထိန်းသိမ်းပြီး ဇင်ချန်ကိုကို ရောင်းချလိုနေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာဟာ အေစီမီလန်မှစိတ်ဝင်စားနေတဲ့ အသင်းရဲ့နောက်ခံလူ ၂ ဦးထဲမှ ရီကာဒိုကာလာဖီအိုရီကိုအသင်းမှာဆက်လက်ထိန်းသိမ်းပြီး အိုလက်ခ်ဆန်ဒါဇင်ချန်ကိုကိုတော့ ရောင်းချသွားဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
အီတလီလက်ရွေးစင်ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ရာသီကမှ အာဆင်နယ်သို့စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြသခဲ့ကာ အာတီတာရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ကစားခွင့်တော့ အပြည့်အဝမရရှိခဲ့ဘဲ ပြိုင်ပွဲစုံ ၂၉ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပါတယ်။
အေစီမီလန်အနေနဲ့ ကာလာဖီအိုရီကို သူ့ရဲ့မွေးရပ်မြေသို့ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပေမယ့် အဆိုပါချဉ်းကပ်မှုကို အာတီတာက ငြင်းပယ်ခဲ့ပါတယ်။ သို့သော်လည်း အာတီတာအနေနဲ့ ဇင်ချန်ကိုကိုတော့ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေတယ်လို့သတင်းတွေကဆိုပါတယ်။ ဇင်ချန်ကိုဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးမှ အာဆင်နယ်သို့စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကတော့ ပရီးမီးယားလိဂ် ၁၅ ပွဲသာကစားခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ အေစီမီလန်ဟာ နောက်ထပ်အာဆင်နယ်ကစားသမားတစ်ဦးဖြစ်တဲ့ ယာကော့ဘ်ကီဝီအောကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မက်ဆီမီလီယာနိုအယ်လီဂရီရဲ့ဦးဆောင်မှုနဲ့အတူ အေစီမီလန်ဟာ လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာ အီတလီစီးရီးအေဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ကစားသမားသစ်တွေခေါ်ယူပြီး အင်အားဖြည့်တင်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကစားသမားခေါ်ယူမှုအပိုင်းမှာတော့ အာဆင်နယ်ဟာ လောလောဆယ် အသင်းရဲ့တိုက်စစ်ပိုင်းကိုပဲ အဓိကအင်အားဖြည့်တည်းဖို့အာရုံစိုက်နေပြီး စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။