
အေတီကိုဂန္တဝင်အပေါ် လိမ်ညာခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အာဆင်နယ်အားကစားဒါရိုက်တာဘာတာ
ပြီးခဲ့တဲ့မတ်လအတွင်း အာဆင်နယ်က အန်ဒရီယာဘာတာကို အသင်းရဲ့အားကစားဒါရိုက်တာသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပါတယ်။ ဒါက ၂၀၂၅ ခုနှစ်အစောပိုင်း၊ အက်သလက်တီကိုမက်ဒရစ်မှထွက်ခွာလာတဲ့ အီတာလျံသားအတွက် ဘောလုံးလောကဆီ တကျော့ပြန်ဝင်ရောက်လာမှုလည်း ဖြစ်ပါတယ်မက်ဒရစ်အခြေစိုက်ကလပ်အသင်းမှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ကလပ်အသင်းဘက်မှ သူ့ကို မလိုအပ်တော့ဘူးလို့ ယူဆမိချိန် ထွက်ခွာလာတဲ့ဘာတာအတွက် အခုအချိန်မှာတော့ မေးခွန်းထုတ်စရာတစ်ခု ရှိလာခဲ့ပါတယ်။
ဇူလိုင်လအတွင်း ဆာအူနီဂွတ်ဇ်က ၁၇ နှစ်ကြာလက်တွဲခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ လမ်းခွဲခဲ့ပါတယ်။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းကပင် မက်ထရိုပိုလီတာနိုကွင်းမှာ သူ့အတွက် အနာဂတ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ နည်းပြဆီမြွန်နီကြောင့် အခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနားသားနဲ့ဆွေးနွေးမှုအကြောင်း ဆာအူနီဂွတ်ဇ်က ဖွင့်ဟလာခဲ့ပါတယ်။
ဆာအူနီဂွတ်ဇ်က “ ကျွန်တော်ထွက်ခွာသွားတော့မယ့် ဘောလုံးရာသီမှာ ဆီမြွန်နီကိုယ်တိုင် ကျွန်တော့်ဆီ ရောက်လာပြီး ‘မင်းကို အားမကိုးတော့ဘူး’လို့ ပြောပါတယ်။ ကျွန်တော့်ရဲ့အဖြေပြန်ပေးမှုကို သူကိုယ်တိုင်တောင် အံ့သြနေခဲ့တာပါ။ ကျွန်တော်က သူ့ကို ကျေးဇူးပဲတင်မိပါတယ်။ နှစ်ပေါင်းများစွာကြာလက်တွဲခဲ့တဲ့ ကစားသမားတစ်ဦးကို ‘မင်းတော့ နောက်နှစ်၊ ဒီမှာမရှိတော့ဘူး။ ငါ အခြားသူတွေကို ရွေးချယ်ရလိမ့်မယ်’လို့ ပြောဆိုရတယ်ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။ အခန့်မသင့်ရင် တစ်ခုခုနဲ့တောင် ပစ်ပေါက်ခံရနိုင်ပါတယ်။ ကျွန်တော်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ ‘ဆရာကြီး၊ အက်သလက်တီကိုမက်ဒရစ်အတွက် ကစားပေးချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အခွင့်အလမ်းတစ်ခုပေးခဲ့တဲ့အပြင် သင်ကြားပေးခဲ့တဲ့အရာများစွာအတွက် ကျေးဇူးတင်ပါတယ်’လို့ ကျွန်တော်ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဆာအူနီဂွတ်ဇ်က အခုလိုသိမ်မွေတဲ့အကြောင်းချင်းရာအတွက် ဆီမြွန်နီရဲ့ချဉ်းကပ်မှုပုံစံကို ချီးကျူးပြောဆိုခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် နွေရာသီ၊ ဆီဗီလာဆီ အငှားဖြင့်မပြောင်းရွှေ့မီ ထိတွေ့ဆက်ဆံခဲ့ရတဲ့ အဲ့ဒီအချိန်တုန်းက အားကစားဒါရိုက်တာဖြစ်သူဘာတာကိုတော့ ဝေဖန်သွားခဲ့ပါတယ်။
ဆာအူနီဂွတ်ဇ်က “ ကျွန်တော်က ကလပ်အသင်းကိုကူညီပေးဖို့ အမြဲတမ်းကြိုးစားခဲ့တဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို လစာနှုန်းထားမလျှော့ချပေးဘူးဆိုပြီး ကဲ့ရဲ့ရှုံ့ချသူတွေ ရှိပါတယ်။ အက်သလက်တီကိုမက်ဒရစ်ရဲ့တောင်းဆိုမှုရှိလာချိန် ကျွန်တော်ကိုယ်တိုင် လစာနှုန်းထားကို လျှော့ချပေးခဲ့ပါတယ်။ အသင်းတောင်းဆိုချိန် ကတိကဝတ်စာချုပ်နဲ့ပဲ ကျွန်တော် လက်ခံပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အရာရာတိုင်းကို ဟုတ်ကဲ့လို့ပဲ အမြဲတမ်းပြောခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ အပျက်သဘောဆောင်တဲ့ကိစ္စတွေကြောင့် အရမ်းအံ့သြမိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဂရုစိုက်မှုလုံးဝမရှိတဲ့ ပုဂ္ဂိုလ်အချို့ရှိပါတယ်။ အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုယ်တိုင်ပဲ ဒီလိုအပျက်သဘောဆောင်တဲ့ကိစ္စတွေကို ကျွန်တော့်ဆီ ပြသခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာ အားကစားဒါရိုက်တာဖြစ်တဲ့ အန်ဒရေယာဘာတာကိုယ်တိုင်လည်း ကျွန်တော့်အပေါ် မရိုးသားခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင် သက်သေသက္ကာယစုံစုံလင်လင်ကို မြင်တွေ့ပြီးတာတောင် သူက ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကို လာမလိမ်နဲ့လို့ ပြန်ပြောခဲ့ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို နာကျင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာတာသာ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သူနဲ့အတူထိုင်ပြီး မျက်နှာချင်းဆိုင်ဆွေးနွေးကာ အဖြေတစ်ခုတော့ ရှာဖွေသွားနိုင်ပါလိမ့်မယ်”လို့ ဆိုပါတယ်။