
ကြိုးစားမှုမရှိပါက အရည်အချင်းဆိုတာက တန်ဖိုးမရှိဟု ဂျာအို ဖီးလစ်အား သတိပေးလိုက်တဲ့ ဆာအူလ် နီဂွက်ဇ်
ဂျာအို ဖီးလစ်ရဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရှိရာ အယ်လ်နာဆာသို့ ပြောင်းရွှေ့ခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ် အသင်းဖော် ဆာအူလ် နီဂွက်ဇ် က ဝေဖန်ခဲ့သလို ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ ကြိုးစားအားထုတ်မှု နည်းပါးခြင်းနှင့် အလားအလာကို အပြည့်အဝ အသုံးမချနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆာအူလ်က ကြိုးစားအားထုတ်မှု မရှိပါက အရည်အချင်းဆိုတာ "တန်ဖိုးမရှိ" ကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး ဥရောပတွင် ဖီးလစ်ရဲ့ လှုပ်ရှားမှုများစွာရှိခဲ့တဲ့ နှစ်များအတွင်း "ကျွန်တော်တို့က သူ့ကို ကူညီရန် ကြိုးစားခဲ့ကြပါတယ်" လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအပတ် အစောပိုင်းက ဖီးလစ်ဟာ ချဲလ်ဆီးကနေ အယ်လ်နာဆာသို့ ယူရို သန်း ၅၀ အထိ တန်ဖိုးရှိတဲ့ အပြောင်းအရွှေ့နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ဥရောပဘောလုံးလောကမှာ ခက်ခဲတဲ့ ကာလတစ်ခုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်သို့ ယူရို ၁၂၆ သန်း (ပေါင် ၁၀၉ သန်း) နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ချဲလ်ဆီးနဲ့ ဘာစီလိုနာ မှာ အငှားသွားကစားခဲ့တဲ့ ကာလတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဖီးလစ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပေမဲ့ နည်းပြ အန်ဇို မာရက်စကာရဲ့ လက်အောက်မှာ မကြာခင်မှာပဲ နေရာမရရှိတော့ဘဲ အေစီမီလန်မှာ အငှားကစားခဲ့ပြီးနောက် ဆော်ဒီအာရေးဗျမှာ စိန်ခေါ်မှုအသစ်တစ်ခုအတွက် ဥရောပကို စွန့်ခွာခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့အတူ ဆော်ဒီပရိုလိဂ်မှာ ပူးပေါင်းဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ပရိသတ်တွေနဲ့ ဝေဖန်သူတွေဆီကနေ ကြီးမားတဲ့ ဝေဖန်မှုတွေကို ဆွဲဆောင်ခဲ့ပြီး ဆာအူလ်ကတော့ ကြိုးစားအားထုတ်မှု နည်းပါးခြင်းအတွက် တိုက်စစ်မှူးကို ဝေဖန်ခဲ့ပါတယ်။
El Partidazo de Cope မှာ ပြောကြားရာမှာ ဆာအူလ်က "ဘောလုံးက အသင်းလိုက် ကစားရတဲ့ အားကစားတစ်ခုပါ။ သူ့မှာ မယုံနိုင်စရာ ကစားသမားတစ်ဦး ဖြစ်နိုင်ဖို့ အရည်အချင်းတွေ အားလုံးရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ပဲ ကောင်းကောင်း၊ ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင် တန်ဖိုးမရှိပါဘူး။ ပါကို ဂျေးမက်ဇ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော် ကြားဖူးပါတယ် ကြိုးစားအားထုတ်မှုမရှိတဲ့ အရည်အချင်းဟာ ဘာမှမဟုတ်ဘူးတဲ့ ကျွန်တော်တို့ အများအပြား ဂျာအိုကို ကူညီဖို့ ကြိုးစားခဲ့ကြပါတယ် ဒါပေမဲ့ တစ်ယောက်က မလိုချင်ရင်တော့" လို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်က ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရည်အချင်းတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖီးလစ်ဟာ မျှော်လင့်ချက်တွေအတိုင်း ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ ခြေစွမ်းမတည်ငြိမ်မှုနဲ့ ကလပ်ဘဝ အပြောင်းအလဲ များပြားမှုတို့က သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ရေရှည်ရည်မှန်းချက်တွေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်မှာ ဆော်ဒီအာရေးဗျကို ပြောင်းရွှေ့ခြင်းက လူငယ်ကြယ်ပွင့်တွေဟာ အမွေအနှစ်ထက် ငွေကြေးကို ပိုလိုက်စားနေတယ်ဆိုတဲ့ အငြင်းပွားမှုကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။
ဖီးလစ်ဟာ အယ်လ်နာဆာအတွက် ရော်နယ်ဒိုနဲ့အတူ တူးလော့စ်နဲ့ ချစ်ကြည်ရေးပွဲမှာ ပွဲဦးထွက် ကစားခဲ့ပြီးပါပြီ။ ဒီအပြောင်းအရွှေ့က သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် နိုးထစေမလား ဒါမှမဟုတ် ပိုမိုမြန်ဆန်စွာ ကျဆင်းစေမလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အရည်အချင်းက ကွင်းထဲမှာ တန်ဖိုးရှိနေဆဲဆိုတာကို သက်သေပြဖို့ ဖိအားတွေ တိုးလာနေပါတယ်။