ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်မဲခွဲမှု ထွက်ပေါ်လာ
အခုရာသီ၊ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မဲခွဲမှုရလဒ်တွေအရ ဒီအဆင့်မှာ လန်ဒန်ဒါဘီထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကိုမြင်တွေ့ရဖို့ သေချာသွားခဲ့ပါတယ်။ လာမယ့်သီတင်းပတ်၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိမယ်ဆိုရင် ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာနိုင်ပါလိမ့်မယ်။
ချဲလ်ဆီးက လိဂ်ဝမ်းကလပ်ကာဒစ်ဖ်ကို အင်္ဂါနေ့မှာ ၃-၁ ဂိုးဖြင့်အနိုင်ယူကာ နောက်ဆုံးလေးသင်းအဆင့်ဆီ တက်လှမ်းလာခဲ့ပြီး အာတီတာရဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေကတော့ ပွဲစဉ်ဇယားရေးဆွဲထားမှုကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ကို မကစားရသေးပါဘူး။
အခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်ကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ မန်စီးတီးက ဖူလ်ဟမ်ကို ပြိုင်ပွဲမှထွက်ခွာစေခဲ့တဲ့ နယူးကာဆယ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ လာမယ့်သီတင်းပတ်၊ အင်္ဂါနေ့ အမ်းမရိတ်စ်ကွင်းမှာ ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာသည်ဖြစ်စေ၊ ချဲလ်ဆီးကတော့ အာဆင်နယ်(သို့မဟုတ်)ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီရဲ့ပထမအကျော့ပွဲစဉ်ကို အိမ်ရှင်အဖြစ် ဧည့်ခံကစားသွားရပါမယ်။
တဖက်မှာလည်း နယူးကာဆယ်က မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ပွဲစဉ်ကို အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်ကို အိမ်ကွင်း/အဝေးကွင်းနှစ်ကျော့ကစားဖို့ စီစဉ်ထားပြီး ပထမအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၁၂ ရက်မှာစတင်တဲ့ ရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ဗိုလ်လုပွဲကိုတော့ မတ် ၂၂ ရက်၊ ဝင်ဘာလေကွင်းမှာ ကျင်းပသွားပါလိမ့်မယ်။