
ပို့ဗေးလ်ကိုအနိုင်ရပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်အပေါ်ကျေနပ်မိကြောင်းပြောကြားလာတဲ့ အာတီတာ
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ လိဂ်ဝမ်းကလပ် ပို့ဗေးလ်ကို အနိုင်ရပြီးနောက် အာဆင်နယ်နည်းပြမီခေးလ်အာတီတာက အသင်းရဲ့စွမ်းဆောင်ရည်အတွက်ကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ ပို့ဗေးလ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ၀-၂ ဆိုတဲ့အနိုင်ရလဒ်ကို သက်တောင့်သက်သာဖော်ဆောင်နိုင်ခဲ့ပြီး ဂိုးတွေကို တောင်ပံကစားသမားတွေဖြစ်တဲ့ အီဘရီချီအီဇီနဲ့ လီအန်ဒရိုထရော့ဆက်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ကစားသမားအပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဂိုးသမား ကီပါနဲ့ကွင်းလယ်လူ နော်ဂတ်တို့ကို စတင်ပွဲထုတ်ခဲ့ပါတယ်။ ပွဲအပြီးမှာ အာတီတာက "ဒီပွဲကိုအနိုင်ရတာ ကျေနပ်ပါတယ်။ ကျွန်တော်တို့ Clean Sheet လည်းရခဲ့ပါတယ်။ ကီပါအနေနဲ့လည်း ပွဲဦးထွက်မှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့လို့ သူ့အတွက် ပျော်ပါတယ်"
"ပွဲကို ပုံစံကောင်းနဲ့စတင်နိုင်ခဲ့ပြီးဦးဆောင်ဂိုးလည်း စောစောစီးစီးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဘက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂိုးပေါက်ကိုဦးတည်ပြီး ဂိုးတွေထပ်ရဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းရင် ဂိုးတွေပိုရမှာသေချာပါတယ်"
"ဒီနေ့မှာကျွန်တော်တို့ လူစာရင်းအပြောင်းအလဲ ၉ နေရာအထိလုပ်ခဲ့ပေမယ့် စွမ်းဆောင်ရည်မကျခဲ့လို့ ပျော်ပါတယ်။ အရန်ခုံက ကစားသမားတွေက အသင်းအတွက်ကြီးမားတဲ့သက်ရောက်မှုရှိနေတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ခြုံပြီးပြောရမယ်ဆိုရင် ဒီပွဲအတွက် ကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် ဒုတိယမြောက်သွင်းဂိုးရယူပေးခဲ့တဲ့ ထရော့ဆက်ဟာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့အပတ်က ဘီလ်ဘာအိုကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အရန်ကစားသမားအဖြစ်ပါဝင်ပြီး သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်ကို အာဆင်နယ်ပရိသတ် ၃ ထောင်ကျော်အထိ လာရောက်ကြည့်ရှုအားပေးခဲ့တယ်လို့လည်း သိရပါတယ်။
အာတီတာက "ကျွန်တော်တို့ပရိသတ်တွေက ဒီညမှာ တခဲနက်အားပေးခဲ့ကြပါတယ်။ ဒါကိုမြင်တွေ့ရတာ ဝမ်းသာစရာပါ။ သူတို့က ကျွန်တော်တို့နဲ့အတူ ဘယ်နေရာမဆို လိုက်ဖို့အသင့်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း အားပေးရကျိုးနပ်အောင် ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။