
ချဲလ်ဆီးရဲ့ အမှားကိုထောက်ပြပြီး မာဒူကီကို ချီးကျူးလိုက်တဲ့ အာဆင်နယ်ကစားသမား လူးဝစ်-စကယ်လီ
အာဆင်နယ်ဟာ ယခုလအစောပိုင်းက ချဲလ်ဆီးသို့ ပေါင် ၅၀ သန်းကျော်ပေးပြီး အင်္ဂလန်တောင်ပံကစားသမား နိုနီ မာဒူကီကို ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ မာဒူကီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပီအက်စ်ဗွီ ကနေ ပေါင် ၃၀ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် ချဲလ်ဆီးအတွက် ၉၂ ပွဲ ကစားပေးခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကူညီပေးခဲ့ပြီး ကွန်ဖရန့်စ်လိဂ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်က အင်္ဂလန်လက်ရွေးစင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ သူ့က အရည်အချင်းတွေရှိပေမဲ့ တချို့က ပရီးမီးယားလိဂ်မှာ ဂိုးများများသွင်းနိုင်ခြင်း မရှိသေးတဲ့ မာဒူကီကို ခေါ်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်ခဲ့ကြပြီး ဘူကာယို ဆာကာ ရဲ့ အရန်အဖြစ် ကစားရလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လက အာဆင်နယ်နဲ့ ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ မိုင်လ်စ် လူးဝစ်-စကယ်လီက မာဒူကီဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပြီး အင်္ဂလန်အသင်းဖော်ဟာ ဂန်နာတွေကို အများကြီး ကူညီပေးနိုင်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ကလပ်ရဲ့ ရာသီကြိုခရီးစဉ်ကနေ လူးဝစ်-စကယ်လီက အာဆင်နယ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်သို့ "နိုနီက ကျွန်တော့်ရဲ့လူပါ" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အဆင်ပြေပါတယ်၊ တော်တော်လေးလည်း ဆင်တူပါတယ်" "သူ ကျွန်တော်တို့နဲ့ ပူးပေါင်းလာတဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ချိန်တုန်းကလည်း သူက ကျွန်တော့်ကို ကြိုဆိုခဲ့ပါတယ်။ အခု သူ ဒီကို ရောက်လာတော့လည်း ကျွန်တော်လည်း သူ့ကို ကြိုဆိုခဲ့ပါတယ်"
"သူက တိုက်ရိုက်ကစားတယ် ဘယ်တောင်ပံ ဒါမှမဟုတ် ညာတောင်ပံမှာ ကစားနိုင်တယ်။ သူ့ရဲ့ အရည်အချင်းတွေက ကျွန်တော်တို့ကို အများကြီး ကူညီပေးနိုင်မှာပါ။ သူ ကျွန်တော်တို့ဆီ ရောက်လာတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားပါတယ်။ ဘာလို့လဲဆိုတော့ သူ အသင်းအတွက် အများကြီး ယူဆောင်လာပေးမှာပါ" လို့ လူးဝစ်-စကယ်လီက ပြောကြားခဲ့ပါတယ်။
မာဒူကီရဲ့ လန်ဒန်အနောက်ပိုင်းကနေ လန်ဒန်မြောက်ပိုင်းကို ပြောင်းရွှေ့မှုကို ထောက်ခံသူက လူးဝစ်-စကယ်လီ တစ်ဦးတည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်က အေစီမီလန်နဲ့ အာဆင်နယ်ရဲ့ ရာသီကြိုခြေစမ်းပွဲအပြီးမှာ ဂန်နာကွင်းလယ်လူ ဒီကလန် ရိုက်စ် က "သူ ဘယ်လောက်စိတ်ပြင်းပြလဲဆိုတာ ကျွန်တော် သိပါတယ်" "သူနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ ဒီရာသီမှာ သူ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ သူဟာ သူ တကယ်လုပ်နိုင်တာကို လူတိုင်းကို သက်သေပြချင်ပြီး ပြသချင်ပါတယ်"
"သူက ဆာလောင်နေပါတယ်။ သူ အာဆင်နယ်အတွက် ကစားချင်ပါတယ်၊ အဲဒါက ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားအမျိုးအစားပါ။ ဒါက အရမ်းကောင်းတဲ့အချက်ပါ။သူက လူအများကြီးကို အံ့အားသင့်စေပါလိမ့်မယ်။ သူ ရောက်လာဖို့ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး" "အတွင်းပိုင်းမှာတော့ ကစားသမားတွေ၊ ဝန်ထမ်းတွေ စကားပြောနေခဲ့ကြတယ်။ ကျွန်တော်တို့ ခေါ်ယူနေတဲ့ ကစားသမားအကြောင်းကို သိပါတယ်။ သူ့ကို ကျွန်တော်တို့ကလပ်မှာ ရှိဖို့ တကယ်ကို မျှော်လင့်နေပါတယ်။ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အာဆင်နယ်နည်းပြ မီကေလ် အာတေတာက "နိုနီဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းအင်ရှိတဲ့ လူငယ်ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီတွေက သူ့ရဲ့ ခြေစွမ်းနဲ့ အရေအတွက်တွေက အမြဲတမ်း အရည်အသွေးမြင့်မားခဲ့ပါတယ်" "သူဟာ ပရီးမီးယားလိဂ်ရဲ့ အရည်အချင်းအရှိဆုံး တောင်ပံတိုက်စစ်ကစားသမားတွေထဲက တစ်ဦးပါ" "အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ နိုနီဟာ ကလပ်နဲ့ နိုင်ငံတကာ ဘောလုံးအတွေ့အကြုံတွေ ယူဆောင်လာပေးပြီး ပရီးမီးယားလိဂ်ကို ကောင်းကောင်းသိပါတယ်"
"ပြီးခဲ့တဲ့ ရာသီတွေက နိုနီရဲ့ ခြေစွမ်းတွေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့အတွက် သူ ကျွန်တော်တို့နဲ့ ပူးပေါင်းလာတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ သူ့ရဲ့ ရောက်ရှိလာမှုက ကျွန်တော်တို့အသင်းကို တကယ်ကို တိုးတက်စေပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။ မာဒူကီဟာ အာဆင်နယ်ရဲ့ နွေရာသီ စတုတ္ထမြောက်ခေါ်ယူမှုဖြစ်ပြီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါ ရောက်ရှိလာပြီးနောက် ချဲလ်ဆီးကနေ ဒုတိယမြောက် ရောက်ရှိလာသူ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အဲဒီ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့နှစ်ခုကို မသဘောတူခင်မှာ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ နဲ့ ခရစ်ယာန် နော်ဂတ်ဒ် တို့ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂန်နာတို့ဟာ စပို့တင်း လစ္စဘွန်းကနေ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ပေါင် ၆၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဗလင်စီယာကနေ စပိန်နောက်ခံလူ ခရစ်ရှ်သီယန် မော့စ်ကွာ ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် မာဒူကီက "ဒီကို ရောက်ရတာကို ဂုဏ်ယူပြီး ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်" "ကျွန်တော့်ကို ယုံကြည်မှုပြသခဲ့တာကို ပြန်ဆပ်ဖို့အတွက် ကွင်းထဲကို ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါက အရမ်းကို အထူးအဆန်းဖြစ်လာမှာပါ" လို့ ပြောကြားခဲ့ပါတယ်။