
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက်ပဲ တစ်သက်လုံးကစားလိုတဲ့ကစားသမားဖြစ်ခဲ့တယ်လို့ ဘာစီလိုနာဥက္ကဌပြောကြား
ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာက ယခုနွေရာသီမှာ အသင်းသို့အငှားစာချုပ်နဲ့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ နေရာရပါက ယူနိုက်တက်အတွက်ပဲ တစ်သက်လုံးကစားလိုတဲ့ သစ္စာရှိကစားသမားမျိုးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီမှာကြီးပြင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆယ်စုနှစ် ၂ ခုကြာနေထိုင်ခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီဝက်က အသင်းသို့ နည်းပြသစ်ရူဘင်အာမိုရင်ရောက်လာချိန်မှာတော့ ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရတာကြောင့် ယခုအခါမှာ ဘာစီလိုနာသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ပါ အငှားစာချုပ်နဲ့ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အကယ်ဒမီသို့ အသက်-၇ နှစ်အရွယ်မှာပဲ စတင်ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၅-၁၆ ဘောလုံးရာသီမှာ စီနီယာအသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
ပွဲဦးထွက်မှာပဲ ပရိသတ်အားပေးထောက်ခံမှု အပြည့်အဝရရှိခဲ့တဲ့ အင်္ဂလန်သားဟာ အသင်းအတွက် တောက်လျှောက်ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာတော့ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရသလို အာမိုရင်ရဲ့ ယုံကြည်မှုကိုလည်းမရခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပြီး ယခုအခါမှာ ဘာစီလိုနာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် တစ်သက်လုံးကစားပေးလိုတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်းကို လာပေါ်တာက "ကြီးမားတဲ့အရည်အသွေးရှိတဲ့ ရက်ရှ်ဖို့ဒ်လိုကစားသမားမျိုး အသင်းကိုရောက်လာလို့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ သူ ဘာစီလိုနာကိုရောက်လာဖို့ ဘယ်လောက်အထိစိတ်လှုပ်ရှားနေလဲဆိုတာ ကျွန်တော်တွေ့ပြီးပါပြီ"
"သူ့ရဲ့ကောင်းမွန်တဲ့အကျင့်တွေထဲကတစ်ခုက ဟန်မဆောင်တတ်တာပါပဲ။ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်မှာပဲ တစ်သက်လုံးနေချင်တဲ့ကစားသမားပါ။ သူ အဲဒီကို အသက်-၇ နှစ်အရွယ်ကတည်းကရောက်ခဲ့ပြီး ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသင်းအတွက်သစ္စာရှိတဲ့ ဂန္ထဝင်ကစားသမားဖြစ်ချင်ခဲ့တာပါ။ ဒါက ကစားသမားတစ်ယောက်အတွက် ကောင်းမွန်တဲ့စိတ်ဓာတ်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက "ဒါပေမယ့် သူမမျှော်လင့်ထားခဲ့တဲ့အခြေအနေတွေ ယူနိုက်တက်မှာကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်သူသဘောကျတဲ့ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက သူအက်စတွန်ဗီလာကိုအငှားနဲ့သွားကစားချိန်မှာလည်း သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြန်ပြခဲ့ပြီး အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားဆိုတာ သက်သေပြခဲ့ပါတယ်။ အခုသူ့ရဲ့အမြင့်ဆုံးရည်မှန်းချက်က ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ယူဖို့နဲ့၊ အင်္ဂလန်နဲ့ ကမ္ဘာ့ဖလားယူဖို့ပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ယူရိုပါလိဂ်မှာ သူ့ရဲ့ကျေးဇူးနဲ့ ယူနိုက်တက်က ကျွန်တော်တို့ကိုနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ပွဲရဲ့အဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားမျိုးကို ပိုင်ဆိုင်ရလို့ အရမ်းဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ကစားသမားသစ်ဖြစ်ကြောင်း ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဘာစီလိုနာမှာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ အွန်နရီနဲ့ မာရှေယာနိုတို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ အင်္ကျီကို ဝတ်ဆင်သွားမယ်လို့သိရပါတယ်။