
မိန့်ဇ်နဲ့ပွဲစဉ်မတိုင်ခင် လိဂ်ချန်ပီယံဆုနဲ့ပတ်သက်လို့ မစဉ်းစားထားဘူးလို့ ဖွင့်ဟလိုက်တဲ့ ကွန်ပနီ
မိန့်ဇ်နဲ့ စနေနေ့အိမ်ကွင်းပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာနိုင်ခြေတစ်ခုအကြောင်းကို ဘိုင်ယန်မြူးနစ်မှာ ရှိနေသူတစ်ဦးတစ်ယောက်မှ မပြောဆိုကြပါဘူးလို့ နည်းပြကွန်ပနီက သောကြာနေ့မှာ ဖွင့်ဟလိုက်ပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲပိတ်သိမ်းဖို့ လေးပွဲသာကျန်ရှိချိန် ဘာဗေးရီးယန်းသားတွေက အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ဦးဆောင်နေပြီး ဒီညမှာ အနီးဆုံးပြိုင်ဘက်လေဗာကူဆင်က အော့စ်ဘတ်ကို အနိုင်မရရှိဘဲ ဘိုင်ယန်မြူးနစ်တို့ အိမ်ကွင်းနိုင်ပွဲရရှိသွားမယ်ဆိုရင် သူတို့ရဲ့ ၃၄ ကြိမ်မြောက်လိဂ်ချန်ပီယံဘွဲ့ကို သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြစ်နိုင်ခြေရှိတဲ့ အမှတ်ပေးဖလားအောင်ပွဲအတွက် ကြိုတင်စီမံထားမှုအကြောင်း မေးမြန်းချိန် ကွန်ပနီက “ ကျွန်တော်ကတော့ မိန့်ဇ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက်ပဲ ပြင်ဆင်ထားပါတယ်။ ဒီပွဲစဉ်ကသာ အရေးအကြီးဆုံးမိနစ်၉၀စာအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်ခေါင်းထဲမှာ အခြားဇာတ်လမ်းဇာတ်ညွှန်းတွေ မရှိပါဘူး။ ရာသီအစောပိုင်း၊ မိန့်ဇ်နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့ ရှုံးနိမ့်ဖူးပါတယ်။ ကျွန်တော့်အသင်းကတော့ မနက်ဖြန်ပွဲစဉ်အတွက် စိတ်အားတက်ကြွမှု အလွန်ကြီးမားနေပါပြီ။ မိန့်ဇ်ရဲ့အရည်အသွေးတွေကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စိတ်အားတက်ကြွမှု အလွန်မြင့်မားနေပြီဖြစ်လို့ ကျွန်တော်တို့ရဲ့အရည်အသွေးတွေကို မြင်တွေ့သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲ မတ်ခ်အီဘယ်လ်ကလည်း အောင်ပွဲခံဖို့ အချိန်စောလွန်းနေသေးတယ်လို့ ပြောဆိုရင်း နည်းပြရဲ့အမြင်ကို ထောက်ခံလိုက်ပါတယ်။ အီဘယ်လ်က “ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ၃၄ ကြိမ်မြောက် ဂျာမန်ထိပ်တန်းလိဂ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးသွားနိုင်ပါတယ်။ ဒီအောင်ပွဲက ကျွန်တော့်အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အောင်ပွဲခံဖို့အစီအစဉ်တွေအကြောင်း ဘာမှမကြားချင်သေးပါဘူး။ ဆုဖလားရရှိဖို့သေချာသွားရင်တော့ အောင်ပွဲခံမယ့်အစီအစဉ် စတင်သွားပါမယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒီအစီအစဉ်တွေနဲ့ပတ်သက်လို့ ဘာမှမကြားချင်သေးပါဘူး”လို့ ပြောပါတယ်။
ကလပ်အသင်းမှာ ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုဘောလုံးရာသီကုန်ဆုံးချိန်မှာပဲ အသင်းမှထွက်ခွာတော့မယ့် တိုက်စစ်မှူးသောမတ်စ်မူလာအနေဖြင့် အသင်းအတွက် သူ့ရဲ့လိဂ်ပွဲစဉ် ၅၀၀ ပြည့်ကို ကစားပေးနိုင်ဖွယ်ရှိပေမယ့် အဖျားဝေဒနာကြောင့် ကြာသပတေးနေ့လေ့ကျင့်ရေးအစီအစဉ်မှာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ကွန်ပနီက “ သောမတ်စ်မူလာ နည်းနည်းနေမကောင်းဖြစ်နေပါတယ်။ ဒီနေ့(သောကြာနေ့)လေ့ကျင့်ရေးနဲ့ မနက်ဖြန်ပွဲစဉ်မှာ သူပါဝင်လာဖို့အတွက် မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။
ဘာဗေးရီးယန်းသားတွေက လာမယ့်ဇွန်လ၊ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ကလပ်အသင်း ၃၂ ပါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့အဆိုအရ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းက ဆုကြေးငွေ ဒေါ်လာ ၁၂၅ သန်းအထိ ရရှိသွားလိမ့်မယ်လို့ သိရပါတယ်။ အီဘယ်လ်က “ အသွင်သစ်ပုံစံနဲ့ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက အားကစားအပိုင်းမှာရော၊ ငွေကြေးပိုင်းမှာပါ ဆွဲဆောင်မှု အလွန်ကြီးမားပါတယ်။ ကျွန်တော်တို့လည်း ပြိုင်ပွဲမှာဗိုလ်စွဲဖို့အတွက် ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ ဝင်ငွေတွေသာ ရရှိလာမယ်ဆိုရင် အံ့အားသင့်စရာတွေ ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။